အောက်တိုဘာ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ယမန်နေ့ကတည်းက တိုက်ပွဲစတင် ပြင်းထန်နေသည့် မြဝတီတောင်ပိုင်း လေးကေကော်ဒေသအနီး အင်ကြင်းမြိုင်နှင့် မင်းလက်ပံအကြား တိုက်ပွဲဖြစ်စဉ်အတွင်း ပိတ်မိနေသည့် အရပ်သားများရှိရာကို ယနေ့နံနက်တွင် စစ်အုပ်စုတပ်က ပစ်ခတ်လိုက်သော ကျည်ကြောင့် အရပ်သားအမျိုးသား ၂ ဦး သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
မြဝတီမြို့မှ အင်ကြင်းမြိုင်ကို ရာနှင့်ချီပြီး စစ်အင်အား ပို့ဆောင်လာသည့် စစ်အုပ်စုတပ်နှင့် KNLA မဟာမိတ် ပူးပေါင်းတပ်အကြား ယမန်နေ့ညပိုင်းကတည်းက လက်နက်ကြီး၊ လက်နက်ငယ် စတင်ပစ်ခတ်နေကြခြင်းဖြစ်သည်။ ယနေ့နံနက်တွင် စစ်တပ်ဘက်က အင်အားထပ်တိုး၍ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသောကြောင့် အင်ကြင်းမြိုင်နှင့် မင်းလက်ပံကြား၌ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိသည်ဟု သိရသည်။
ထိုသို့ တိုက်ပွဲ ပြင်းထန်လာသောကြောင့် တိုက်ပွဲအတွင်း ပိတ်မိနေသည့် သဲစုပ်လုပ်ငန်း လုပ်ကိုင်နေသူအချို့ သောင်ရင်းမြစ်ကို လှေဖြင့် ဖြတ်ကူးနေစဉ် စစ်တပ်ဘက်က စနိုက်ပါဖြင့် လှမ်းပစ်လိုက်သောကြောင့် သဲစုပ်လုပ်ငန်း ပိုင်ရှင် အမျိုးသားကြီးတစ်ဦးနှင့် လူငယ်တစ်ဦး ထိမှန် သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု အခြေအနေကို သိရှိသူ ဒေသခံတစ်ဦးက ပြောသည်။
“ဒီမနက် လူ ၂ ယောက်ထိတယ်။ ကြောက်လို့ ဟိုဘက်ကမ်း ကူးရင် စနိုက်ပါနဲ့ ပစ်လို့ထိတာ။ ဟိုက (စစ်တပ်က) ရန်သူထင်ပြီးပစ်တာတဲ့။ ခုဏလေးပဲ စက်လှေနဲ့ သွားသယ်နေကြတယ်။ ရွာသားတွေက သွားမသယ်ရဲလို့ စစ်တပ်ဘက်က သွားကောက်ပေးတယ်။ သေသွားတဲ့သူက သဲစက်ပိုင်ရှင်တဲ့။ အခုအလောင်းတွေကို သူတို့ အမျိုးဆီ ပြန်ပို့ပေးနေပြီး။ အဲ့ဦးလေးကြီးရဲ့ သမက်က BGF ကပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
စနိုက်ပါ ထိမှန်ပြီး သေဆုံးသွားသူ နှစ်ဦး၏ ရုပ်အလောင်းကို ကောက်ယူပေးသော်လည်း ဒဏ်ရာရရှိသူများကို မူ ကူညီကယ်ဆယ်ပေးခြင်းမျိုး မလုပ်ပေးကြောင်းလည်း အဆိုပါ မျက်မြင်တွေ့ရှိသူက ဆက်ပြောသည်။
အဆိုပါ တိုက်ပွဲကြား ပိတ်မိနေသူများသည် သောင်ရင်းမြစ်ကမ်းတွင် သဲစုပ်ယူသည့် လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြသည်။ ပိတ်မိသည့် မိသားစု ၅ စုခန့်ရှိနေကာ လက်ရှိတွင် နေရာရွှေ့ပြောင်းပေးလိုက်ပြီး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့မှစ၍ စစ်တပ်ဘက်က အင်ကြင်းမြိုင်ဘက်ကို စစ်ကား ၁၅ စီးဖြင့် စစ်အင်အား ပို့ဆောင်ထားပြီး ယနေ့ မနက်တွင်လည်း နောက်ထပ် စစ်ကား ၅ စီးဖြင့် ထပ်မံ အင်အား တိုးချဲ့လာသည်ဟု ဒေသခံများက ပြောသည်။ ယခုရက်ပိုင်းအတွင်း အကြီးအကျယ် ထိုးစစ်ဆင်ကာ နယ်မြေများကို ပြန်အရယူရန် ပြင်ဆင်စုဖွဲ့နေကြောင်း ဆိုသည်။
အလားတူ အင်ကြင်းမြိုင်တွင် အခြေစိုက်သည့် ဗိုလ်မှူးစောမုတ်သုန် ဦးဆောင်သည့် တပ်နယ် (၄) လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များကလည်း စစ်တပ်ယူနီဖောင်းလဲဝတ်ပြီး စစ်တပ်ကို ကူတိုက်ပေးနေကြောင်း မျက်မြင်ဒေသခံနှင့် စစ်ရေးသတင်း အရင်းအမြစ်များက ပြောသည်။
လက်ရှိ သတင်းရေးသားနေသည့်အချိန်ထိ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြဆဲဖြစ်သည်။ ဒေသခံအများစုမှာ သောင်ရင်းမြစ်ကမ်းနံဘေးတွင် ရှောင်တိမ်းနေကြရကာ အခြေအနေ ပိုမို ပြင်းထန်လာနေသောကြောင့် စစ်ရှောင်အချို့လည်း ပိတ်မိနေသည်ဟု သိရသည်။



















