Home သတင်း စစ်အုပ်စုအားပေးပညာရေးသည် အကြောက်တရားသွင်း အုပ်ချုပ်သောစနစ်ဟု တိုင်းရင်းသား ပညာရေးလှုပ်ရှားသူများ ဝေဖန်

စစ်အုပ်စုအားပေးပညာရေးသည် အကြောက်တရားသွင်း အုပ်ချုပ်သောစနစ်ဟု တိုင်းရင်းသား ပညာရေးလှုပ်ရှားသူများ ဝေဖန်

690

အောက်တိုဘာ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာရှင်များ ပုံဖော်လာသည့် တိုင်းပြည်၏ ပညာရေးသည် အကြောက်တရား၊ အယူအဆအမှားများကို သွတ်သွင်းနေသည့် ပညာရေးစနစ်သာဖြစ်ကြောင်း ကရင်နှင့်ကရင်နီပြည်နယ်ရှိ ပညာရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြဝေဖန်လိုက်သည်။

တိုင်းပြည်မငြိမ်းချမ်းမှုမှာ ပညာရေးအားနည်း၍လည်းဖြစ်သောကြောင့် ကျောင်းများများဖွင့်နိုင်ရေးကို အားပေးလုပ်ဆောင်နေသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောဆိုသည့် အောက်တိုဘာ(၁၅)ရက်နေ့က NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည် မိန့်ခွန်းအပေါ် တိုင်းရင်းသား ပညာရေးနယ်ပယ်က ထောက်ပြထားခြင်းဖြစ်သည်။

“ကျောင်းများများဖွင့်ပေးတာနဲ့ပညာရေးကို အားပေးတာ မဆိုင်ဘူး။ စစ်အုပ်စုက နှစ်ပေါင်းများစွာ အကြောက် တရားဖြစ်၊ လူထုတွေ ပညာမဲ့အောင် ပညာရေးစနစ်နဲ့ အုပ်ချုပ်ခဲ့တယ်။ လက်ရှိအချိန်လိုပေါ့ အမုန်း တရားဖြစ်အောင် မှားယွင်းတဲ့အယူအဆတွေနဲ့ လိုချင်တဲ့ပုံစံအောက်သွတ်သွင်းတာ။ ကလေးတွေ လွတ်လွတ်လပ်လပ်နဲ့ အသက်မွေးပညာရွေးခွင့်ပေးတဲ့ စနစ်မဟုတ်ခဲ့ဘူး။ ဒါကြောင့်ပညာတော့တတ်မယ် လူတော်လူကောင်းဖြစ်ဖို့ခက်ခဲတာ” ဟု IEC မှ ဗညားခွန်အောင်က ပြောသည်။

ကျောင်းများများဖွင့်နိုင်ရေးထက် ပညာရေးရလဒ်ကိုသာ ကြည့်ရမည်ဖြစ်သလို ကရင်နီပြည်နယ်အတွင်း လူထုအုပ်ချုပ်မှုအောက်ရှိ စာသင်ကျောင်းများတွင်လည်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေးစံနှုန်းကို တန်ဖိုးထား လေးစားသော ပညာရေးစနစ်ကို ကျင့်သုံးနေသည်ဟု ဗညားခွန်အောင်က ဆိုသည်။

အာဏာသိမ်းပြီးနောက် တိုက်ပွဲကြောင့် ကျောင်းများပိတ်ခဲ့ရသည့် ကရင်နီပြည်နယ်တွင် ယခု ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ စာသင်ကျောင်းပေါင်း (၅၀၀) နီးပါးရှိနေပြီဖြစ်သည်။

တဖက်တွင်လည်း ပညာရေးကိုအားပေးမြှင့်တင်ရမည်ဟု ဆိုထားသော စစ်အုပ်စုက ကရင်နီအပါအဝင် ပဋိပက္ခဖြစ်ပွားရာ အခြားတိုင်းရင်းသားဒေသများ၏ စာသင်ကျောင်းအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေ၍ ကျောင်းနေအရွယ်ကလေးအများအပြား ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ကရင်နီပညာရေးလှုပ်ရှားသူများက ပြောသည်။

ဗညားခွန်အောင်က “ဒါပညာမဲ့အောင်၊ ပညာမတတ်အောင်၊ ကျောင်းသားမိဘတွေက ကလေးကို ကျောင်းမလွှတ်ရဲအောင်လုပ်တာ။ သူတို့ဆက်အုပ်ချုပ်နိုင်ဖို့ ဖိနှိပ်ထားတဲ့ပညာရေးစနစ်ပေါ့။ ဒီလိုလုပ်တဲ့ စကစ ကိုယ်တိုင်ကလည်း ကောင်းမွန်တဲ့ပညာရေးစနစ်ကို ထူထောင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် စကစအောက်မှာရှိနေတဲ့ပညာရေးစနစ်ကတော့ ဘယ်လိုမှကျနော်တို့လက်ခံနိုင်မှာမဟုတ်ဘူး” ဟု ဖြည့်စွက်ပြောသည်။

အလားတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်သည့် နယ်မြေများတွင်လည်း လွတ်လပ်စွာ ပညာသင်ခွင့်ရရေး စစ်အုပ်စုလေကြောင်းရန် စိုးရိမ်နေရသလို၊ အဆင့်မြင့်သည့်ပညာရေးစနစ်ကို အကောင် အထည်ဖော်ရာ၌ စိန်ခေါ်မှုကြီးကြီးမားမားရှိနေသည်ဟု ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာန-KECD က ဆိုသည်။

“ကော်သူးလေမှာတော့ ပညာရေးကို ပေါ်ပေါ်ထင်ထင်မလုပ်နိုင်တဲ့အပြင် အရည်အချင်းရှိတဲ့ပညာရေး ဖြစ်ဖို့ဆိုတဲ့ အခက်အခဲကတော့ အကြီးဆုံးပဲ။ စစ်ရှောင်တွေအတွက်နေရာထိုင်ခင်းမရှိတာလည်း ပညာရေးဘက်မှာ စိန်ခေါ်မှု ဖြစ်စေတယ်။ ကျောင်းဆရာ၊ဆရာမတွေရဲ့ လုံခြုံရေးကိုပါ အပြည့်အဝမပေးနိုင်ဘူး။ တစ်နိုင်လုံးကလည်း တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရတော့ ခေါင်းဆောင်တွေအနေနဲ့ ဒါတွေကို ထောက်ပံ့ဖို့က စိန်ခေါ်မှု တခုလို ဖြစ်နေတယ်” ဟု KECD ၏ ဌာနမှူး စောလောအယ်မှူးက ပြောသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ကလည်း စစ်အုပ်စု အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကရင်အပါအဝင် မြန်မာပြည်အရှေ့တောင်ပိုင်းအရပ်တွင် စစ်အုပ်စုက ပညာရေးကို ပစ်မှတ်ထားတိုက်ခိုက်သည့် အကြိမ်ရေ ၅၄ ကြိမ် ထက်မနည်းရှိခဲ့ကြောင်း ဆိုသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန၏ အာဏာသိမ်း ၄ နှစ်အတွင်း အချက်အလက်များအရ စာသင်ကျောင်း ၂၄၅ ကျောင်းအထိ စစ်အုပ်စု၏လေကြောင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။