Home သတင်း ထိုင်းဘက်ဝင်ခွင့်မရသေး၍ KK Park မှ နိုင်ငံခြားသားအလုပ်သမားများ ချစ်ကြည်ရေးတံတား (၁) ထိပ်တွင် စောင့်ဆိုင်းနေ

ထိုင်းဘက်ဝင်ခွင့်မရသေး၍ KK Park မှ နိုင်ငံခြားသားအလုပ်သမားများ ချစ်ကြည်ရေးတံတား (၁) ထိပ်တွင် စောင့်ဆိုင်းနေ

460
Photo: CJ

အောက်တိုဘာ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ မယ်ထော်သလေးရွာအနီးရှိ KK Park ငွေလိမ်လုပ်ငန်းခွင်မှ ရှောင်တိမ်း လာသည့် အထောက်အထားကိုင်ဆောင်ထားသူ နိုင်ငံခြားသားအလုပ်သမားများသည် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်မရသေးသဖြင့် မဲဆောက်-မြဝတီ တံတားအမှတ် (၁) မြန်မာဘက်အခြမ်းတွင် စောင့်ဆိုင်း စုဝေးနေကြောင်း နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။

အောက်တိုဘာ (၂၁) ရက်နေ့ကတည်းက KK Park ဝန်းအတွင်း နိုင်ငံအစုံမှ လာရောက် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအပြင် မြန်မာပြည်သားအလုပ်သမားများ စစ်ဆေးဖမ်း ဆီးခံရမည့်အရေးကြောင့် မြဝတီမြို့နယ်အတွင်း ထွက်ပြေးပြောင်းရွှေ့နေကြခြင်းဖြစ်သည်။

၎င်းမှ ပတ်စ်ပို့၊ ဗီဇာ ကိုင်ဆောင်ထားသူ နိုင်ငံခြားသားရာနှင့်ချီသည် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁) မှတဆင့် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ရရေး မြန်မာ လူဝင်မှုကြီးကြပ်ရေးဘက်က အခွင့်မပေးသေးသဖြင့် တံတားထိပ်နေရာ မြန်မာဘက်ခြမ်းတွင် စုဝေးစောင့်ဆိုင်းနေကြသည်ဟု ထိုနေရာအနီးနေထိုင်သည့် မြဝတီမြို့ခံတစ်ဦးက ပြောသည်။

“မနေ့ကတည်းက KK Park ဘက်က နိုင်ငံခြားသားတွေ မြဝတီဘက်ကို ရှောင်လာကြတာ လူထောင် ချီရှိတယ်။ အခုက ပတ်စ်ပို့ဗီဇာရှိသူတွေက ထိုင်းဘက်ပြန်ကူးဖို့ တံတားမှာ စောင့်နေကြတာ၊ စစ်တပ်နဲ့ လဝကက ပေးမကူးသေးဘူး။ အောက်ဘက်ကမ်းကူးခိုးကူးဂိတ်တွေဘက်မှာလည်း နိုင်ငံခြားသားတွေ ရှိနေတယ်။ ကမ်းကူးခက ဘတ် ၂၅၀၀ အထိ ကြေးပေါက်နေတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် KK Park ငွေလိမ်လုပ်ငန်းခြံဝင်းနေရာမှ တိမ်းရှောင်လာကြသည့် အဆိုပါ နိုင်ငံခြား သားအလုပ်သမားများတွင် သောင်ရင်းမြစ်ကမ်းကူးပြီး ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာသူများလည်း ရှိနေသည်။ ၎င်းအနက် လူဦးရေ (၂၀၀) ဝန်းကျင်အား ထိုင်းအာဏာပိုင်များက မဲဆောက်–မြန်မာ နယ်ခြားကော်မတီရုံး (မဲဆောက်) ရုံးဝင်းအတွင်း ယာယီထိန်းသိမ်းထားကြောင်းလည်း အာဏာပိုင်များ အတွက် စကားပြန်အကူအညီပေးနေသည့် သတင်းအရင်းအမြစ်မှ သိရသည်။

Photo: CJ

“မနေ့က လှေဂိတ်တွေကနေ ထိုင်းဘက်ကူးဝင်တာ ညနေပိုင်းအထိ (၉၁) ယောက်မိတယ်။ ညဘက်ကနေ အခုမနက်အထိ ပေါင်းရင် ၂၀၀ နီးပါးရှိနေပြီ။ ထိုင်း တောမောင်း (လဝက) နယ်ခြား ရုံးဝင်းမှာ ထိန်းသိမ်းထားတယ်။ အခုလည်း နေရာစုံက မိလာသူတွေကို လာလာပို့နေတုန်းပဲ” ဟု ဘာသာပြန်ကူညီပေးနေသူက ပြောသည်။

ထိုင်းလဝက ရုံးဝင်းအတွင်း ရောက်ရှိနေသည့် ထို နိုင်ငံခြားသားများတွင် တရုတ်၊ ထိုင်း၊ ဖလစ်ပိုင်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မလေးရှား၊ ကိုရီယားနှင့် အာဂျင်တီးနား နိုင်ငံမှ နိုင်ငံသားများ ပါဝင်နေသည်ဟုလည်း မျက်မြင်ပြောဆိုချက်အရ သိရသည်။

ထို့အတူ မြဝတီမြို့နယ်အတွင်း လှည့်လည်ရှောင်တိမ်းနေသည့် ကျားဖြန့်အလုပ်သမား နိုင်ငံခြားသားနှင့် မြန်မာပြည်သားများကို စစ်အုပ်စုက စောင့်ဆိုင်းဖမ်းဆီးမှုများ လုပ်ဆောင်နေ၍ မြို့တွင်းအခြေအနေ ရှုပ်ထွေးလျက်ရှိသည်။

ထို့ကြောင့် KK Park မှ ရှောင်လာသည့် တရုတ်နိုင်ငံသားများကို ကရင်နယ်ခြားစောင့်တပ် (BGF) မှ စစ်ယာဉ်တန်းဖြင့် ရွေကုက္ကိုလ်၊ ဘုရားသုံးဆူနှင့် ဖားအံမြို့ဘက်နေရာများသို့ ရွှေ့ပြောင်းပေးနေရသည်ဟု ၎င်းတို့နှင့် နီးစပ်ရာ အသိုင်းအဝိုင်းထံမှ သိရသည်။