Home သတင်း ထိုင်းရောက် နိုင်ငံခြားသားလုပ်သားများကို ဝင်ငွေခွန်ကောက်ခံမှု တင်းကျပ်မည်

ထိုင်းရောက် နိုင်ငံခြားသားလုပ်သားများကို ဝင်ငွေခွန်ကောက်ခံမှု တင်းကျပ်မည်

667
Photo: Social Media

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၅။ ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားလုပ်သားများအပေါ် ထိုင်းအစိုးရက ဝင်ငွေခွန် ကောက်ခံမည့်အစီအစဥ်ကို တင်းကျပ်ဆောင်ရွက်မည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနက ယမန်နေ့တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း စာရင်းသွင်းထားသော နိုင်ငံခြား သားလုပ်သားဦးရေသည် ၃.၃ မီလီယံအထိရှိနေပြီး လူတိုင်းဝင်ငွေခွန်ပေးဆောင်ရမည့်အခြေအနေကို ထိုင်းအစိုးရက ကိုင်တွယ်ဆောင်ရွက်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၈၀ ကျော်နေထိုင်ပြီး ထိုင်းမှ ဖြစ်စေ၊ ပြည်ပမှဖြစ်စေ ဝင်ငွေရရှိသော နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံသားနည်းတူ အခွန်ပေးဆောင်ရမည်ဟု ထိုင်းအခွန်ဥပဒေက ပြဌာန်းထားရှိသည်။

ထိုင်းအစိုးရက လတ်တလော သတ်မှတ်ထားသော ဝင်ငွေခွန်နှုန်းသည် ပျမ်းမျှဝင်ငွေ ဘတ် ၁၅၀,၀၀၀ မှ ဘတ် ၅၀၀,၀၀၀ တွင် ပျမ်းမျှအခွန်နှုန်း ၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ သတ်မှတ်ထားသည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော နိုင်ငံခြားသားလုပ်သားများသည် ဗီဇာကြေးကို ဘတ် ၂၀၀၀ မှ ဘတ် ၅၀၀၀ အထိ ကျသင့်ပြီး ထိုင်းလူမှုဖူလုံရေးအတွက် ဝင်ငွေ၏ ၅ ရာခိုင်နှုန်း၊ တစ်လလျှင် ဘတ် ၇၅၀ ပေးဆောင်ရသေးသည်။

သို့သော်လည်း ထိုင်းအစိုးရ ဝင်ငွေခွန်ကောက်ခံမှုသည် နိုင်ငံခြားသားတိုင်းအကျုံးဝင်ရန် စိန်ခေါ်မှု ဖြစ်နေပြီး ထိုကောက်ခံမှုကို တင်းကြပ်စွာ အကောင်အထည်ဖော်လာနိုင်မည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

၎င်းအပြင် ထိုင်းအစိုးရ၏ ဝင်ငွေခွန်ဌာနသည် နိုင်ငံခြားဝင်ငွေအရင်းအမြစ်များကို မူတည်ကောက်ခံမည့် စနစ်ကို ယခုနှစ်များတွင် သတ်မှတ်လာပြီး ကမ္ဘာတဝှမ်းတွင် ကျင့်သုံးသော အခွန်ကောက်ခံရေးပုံစံကို အကောင်အထည်ဖော်မည်ဟု သိရသည်။

ကိုးကား။ ဘန်ကောက်ပို့စ်