Home သတင်း အရပ်သားအပေါ် ဗုံးကြဲတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်သည့် စစ်အုပ်စုအား ထောက်ပံ့မှုမပေးရန် နိုင်ငံတကာသို့ KPSN တောင်းဆို

အရပ်သားအပေါ် ဗုံးကြဲတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်သည့် စစ်အုပ်စုအား ထောက်ပံ့မှုမပေးရန် နိုင်ငံတကာသို့ KPSN တောင်းဆို

568
Photo- KNU

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ဒေသအပါအဝင် တစ်နိုင်ငံလုံးရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေသည့် စစ်အုပ်စုအား အထောက်အပံ့မပေးရန်နှင့် ဒဏ်ခတ်ပိတ် ဆို့မှုများပေးရန် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် – KPSN က နိုင်ငံတကာသို့ တောင်းဆိုလိုက်သည်။

မွန်-ကရင်အစပ်၊ ဘီးလင်းမြို့နယ်၊ ပျဥ်းမပင်ဆိပ် (ထီးဖာဒို့ထ) ရွာ၌ စစ်အုပ်စုက လေကြောင်းဗုံး ကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သောကြောင့် ကလေးငယ် (၅) ဦးသေဆုံးကာ (၁၀) ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အပေါ် အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန်ချက်တွင် KPSN က ထိုသို့ တောင်းဆိုခြင်းဖြစ်သည်။

မြန်မာစစ်တပ်စခန်းနှင့်အလှမ်းဝေးပြီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားပြည်သူရှိနေသည့်နေရာသို့ တိုက်ခိုက်ခြင်းအပြင် ကေအဲန်ယူထိန်းချုပ်နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးအနှံ့ လေကြောင်းနှင့် ထိုးစစ်ဆင်မှု ပိုလုပ်လာခြင်းမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက်ဖြစ်သည်ဟု KPSN က ပြောသည်။

“သူတို့ (စစ်အုပ်စု) က ရွေးကောက်ပွဲကာလမှာ နယ်မြေကို ထိန်းချုပ်တာ၊ မြို့ပြတွေမှာ ပြန်လည်စိုးမိုး တာလုပ်မယ်။ ဒါကြောင့်ပဲ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ တိုက်ခိုက်မှာ၊ အပြစ်မရှိတဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်မှာ။ အခြားသော နိုင်ငံတွေက ဒါကိုသတိထားပြီး စစ်ကောင်စီရဲ့ စီးပွားရေး၊ လက်နက် ရောင်းတဲ့အလုပ်နဲ့ လေယာဉ်ဆီတွေ တင်ပို့မှုကို ပိတ်ပင်ဖို့ တောင်းဆိုချင်တယ်။” ဟု KPSN ၏ မီဒီယာတာဝန်ခံ စောအက်ဒဝါဒ် က ပြောသည်။

လက်ရှိတွင် နိုင်ငံတကာအနေဖြင့် စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရန် ပျက်ကွက်နေသလို အတင်းအကြပ်နေရပ်တိမ်းရှောင်ရသူများအတွက်မူ နိုင်ငံတကာအထောက်အပံ့ ဖြတ်တောက်ခံနေရ သည်ဟု KPSN က ထောက်ပြသည်။

Photo- KNU

ထို့အပြင် စစ်ဘေးရှောင်များ၊ အရပ်သားများရှိနေသည့်နေရာများကို တိုက်ခိုက်ခြင်းသည် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးစေရန် ရည်ရွယ်လုပ်ဆောင်သည့် နည်းဗျူဟာတစ်ခုဖြစ်ပြီး နိုင်ငံတကာဥပဒေကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်းလည်း KPSN ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KPSN အဖွဲ့၏ စာရင်းအရ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့တွင် ထီးဖာဒို့ထ ကျေးရွာ၌ ဖြစ်ပွားသော စစ်အုပ်စု၏ လေယာဉ်ဗုံးကြဲမှုအတွင်း စောထွန်းထွန်းမင်း အသက် (၆) နှစ်၊ စော လင်းထက် အသက် (၇) နှစ်၊ နော်မယ်ခလာဖော အသက် (၉) နှစ်၊ နော်မူဆိဆိ အသက် (၁၀) နှစ်နှင့် နော်မပိုလို အသက် (၁၂) နှစ်တို့ (၅) ဦး သေဆုံးခဲ့သည်။

ဒဏ်ရာရသူ (၁၀) ဦးအား ကျန်းမာရေးဝန်ထမ်းများက အရေးပေါ်ဆေးကုသမှုပေးခဲ့သော်လည်း ရာသီဥတုအခြေအနေကြောင့် ဆေးရုံဆေးခန်းသို့ ချက်ချင်းပို့ဆောင်ကုသရေး မလုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ထိုနေ့ဖြစ်စဉ်တွင် စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ပေါက်ကွဲမှုအပြင်းအထန် ပေါင် (၅၀၀) ဗုံး နှစ်လုံးဖြင့် ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး (၉) ဦး ပြင်းထန်ဒဏ်ရာရရှိ၍ နေအိမ် (၁၁) လုံးပါ ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ဗဟိုကလည်း ယနေ့ထုတ်ပြန်ထားသည်။