အောက်တိုဘာ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
သန်းကြွယ်သူဌေး အီလွန်မတ်စ်ပိုင်ဆိုင်သည့် SpaceX ကုမ္ပဏီက မြန်မာနိုင်ငံရှိ ကျားဖြန့် ငွေလိမ်လုပ်ငန်းများတွင် အသုံးပြုနေသည်ဟု သံသယရှိသည့် စတားလင့်ခ်အင်တာနက်စက်ပေါင်း ၂,၅၀၀ ကျော်ကို ဖြတ်တောက်လိုက်ကြောင်း ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ထိုင်း အခြေစိုက် ဘန်ကောက်ပို့စ်သတင်းဌာနက သတင်းဖော်ပြချက်အရ သိရသည်။
စတားလင့်ခ်မှ တာဝန်ယူထားသည့် မူဘောင်အတိုင်း နည်းပညာကို မသမာမှုမှ အလွဲသုံးစားလုပ်ခံရမည် စိုးရိမ်သောကြောင့် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ချိုးဖောက်မှုတစ်ခုခုဖြစ်နေပြီလို့ ဖော်ထုတ်သိရှိရတဲ့အခါတိုင်း SpaceX ကုမ္ပဏီအနေနဲ့ ကမ္ဘာတစ် ဝန်းက ဥပဒေစိုးမိုးရေးအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ အပါအဝင် သင့်လျော်တဲ့ အရေးယူမှု တွေကို ပြုလုပ်ပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ SpaceX ဟာ သံသယရှိတဲ့ လိမ်လည်မှု စင်တာ တွေအနီးတစ်ဝိုက်က Starlink စက်ပေါင်း ၂,၅၀၀ ကျော်ကို ရှာဖွေဖော်ထုတ်ပြီး ဝန်ဆောင်မှု ရပ်ဆိုင်းခဲ့ ပါတယ်” ဟု Starlink ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ လော်ရန် ဒရိုင်ယာ ထုတ်ပြန်ပြောဆိုသည်။
ဆက်သွယ်ရေးပြတ်တောက်နေသည့် ဒေသများတွင် အင်တာနက်သုံးစွဲမှုကို ပံ့ပိုးနိုင်သည့် စတား လင့်ခ်သည် စစ်ဘေးသင့်နိုင်ငံများ၌ အင်တာနက်ချိတ်ဆက်မှုအတွက် အကြီးမားဆုံး ပေးဆောင် စေနိုင်သည့် အထောက်အပံ့တစ်ခု ဖြစ်သည်။
ထို့အပြင် စတားလင့်ခ်စက် ဝယ်ယူနိုင်သည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံ မပါဝင်ခဲ့သော်လည်း အာဏာ သိမ်းပြီး နောက်ပိုင်း ဖြတ်လေးဖြတ်ဗျူဟာနှင့် ဆက်သွယ်ရေး ပြတ်တောက်ခြင်း ခံထားရမှုကြောင့် မြန်မာနိုင်ငံနှင့် ပဋိပက္ခဖြစ်နေသော တိုင်းနှင့်ပြည်နယ် နေရာအများအပြားတွင် စတားလင့်ခ်ကိုသာ အားထားနေရခြင်းဖြစ်သည်။ ထိုအထဲတွင် ကျားဖြန့်လူမှောင်ခိုဂိုဏ်းများရှိရာအဖြစ် နာမည်ကြီးသည့် ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသလည်း တစ်ခုအပါအဝင် ဖြစ်သည်။
မြဝတီဒေသကို ထိုင်းနိုင်ငံဘက်က ကာလအတန်ကြာ ဆက်သွယ်ရေး ပြတ်တောက်ထားသော်လည်း အဆိုပါ ကျားဖြန့်များက စတားလင့်ခ်ကို သုံးပြီး ဆက်လည်ပတ်နေကြောင်း AFP က ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့တွင် သတင်းတစ်ခု၌ ဖော်ပြခဲ့သည်။
ထို့ကြောင့် အောက်တိုဘာ ၁၆ ရက်နေ့က စတင်၍ မြန်မာနိုင်ငံအတွင်း စတားလင့်ခ် စတင်ဖြတ်ခံရသည့် အကြောင်းအရင်းဖြစ်ပြီး ယနေ့အချိန်ထိ ပြန်လည်းအသုံးပြုခွင့် မရရှိသေးကြောင်း အသုံးပြုသူများထံမှ သိရသည်။
မြဝတီ မြို့ခံတစ်ဦးက “ Star Link က သူတို့ လူတွေ အရောင်ပြ ဖမ်းကတည်းက ပိတ်ခံထိတာလို့ ကြားတယ်။ အကောင့်တွေလည်း ပိတ်လိုက်တယ်လို့ အသိတွေက ပြောတယ်။ သုံးလို့ မရတော့ဘူး သေနေတယ်။ အခု ဘယ်နေရာမှ မရသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
AFP သတင်းအရ အမေရိကန် ကွန်ဂရက်က စုံစမ်းမှုများ လုပ်ဆောင်လာသည့်အချိန်မှစ၍ ကျားဖြန့် ရှိသည့် မြဝတီတစ်ဝိုက်တွင် စတားလင့်ခ်များ စတင်ဖြတ်တောက်ခံရသော်လည်း အသုံးပြုခွင့်ရရှိနေသေးသည့် တခြားပြည်နယ်နှင့် တိုင်းများ ရှိကြောင်း သိရသည်။
၎င်းအပြင် စတားလင့်ခ်နှင့် သတင်းအချက်အလက်ရယူပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် လုပ်ငန်းများ လုပ်ဆောင်နေရသော ပြည်သူများအနေဖြင့် ရှိနေသည့်နေရာမှ အင်တာနက်လိုင်း ဖြတ်တောက်ခံရပြီး အဆက်အသွယ် မရရှိတော့မည်ကို စိုးရိမ်ပူပန်နေကြသည်။



















