Home သတင်း သတင်းပေးနှင့် ခိုးဆိုးလုယက်သူများ တားဆီးနိုင်ရန် ကရင်နီပြည်နယ် မြို့နယ် ၃ ခုတွင် သွားလာချိန်ကန့်သတ်

သတင်းပေးနှင့် ခိုးဆိုးလုယက်သူများ တားဆီးနိုင်ရန် ကရင်နီပြည်နယ် မြို့နယ် ၃ ခုတွင် သွားလာချိန်ကန့်သတ်

674
Photo: KNDF

စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နီ (ကယားပြည်) နယ်အတွင်းရှိ စစ်အုပ်စုသတင်းပေး (အရပ်ခေါ်- ဒလန်) နှင့် ခိုးဆိုးလုယက်သူများကို တားဆီးနိုင်ရန် နန်းမယ်ခုံ၊ လွိုင်နန်းဖ နှင့် ဒီးဘောင်းခူမြို့ စသည့် မြို့နယ် ၃ ခုတွင် သွားလာချိန်ကန့်သတ်ပြီး စစ်ဆေးမှုများလုပ်ဆောင်မည်ဖြစ်ကြောင်း မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက စက်တင်ဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ပြည်နယ်အတွင်း စစ်ရေးပြင်းထန်လာသည်နှင့်အမျှ စစ်အုပ်စုဘက်မှ လုပ်ဆောင်မည့် ရွေးကောက် ပွဲအောင် နိုင်ရေးစပ်လျဥ်းပြီး မသမာသူ (အာဏာသိမ်းစစ်တပ်၊ ဒလန်၊ ခိုးဆိုးလုယက်သူ) များမှ ပြည်သူလူထု အသက်အိုး အိမ်စည်းစိမ်လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ထိခိုက်အောင်လုပ်ဆောင်လာနိုင်သည်ဟု မြို့နယ် ပူးပေါင်း အုပ်ချုပ်ရေးကော်မတီက ဆိုသည်။

ထို့ကြောင့် အဆိုပါ မြို့နယ် ၃ ခုအတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန် လိုအပ်ချက်အရ စက်တင် ဘာလ ၉ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးပူးပေါင်းကော်မတီဝင်များမှ အစည်းအဝေးပြုလုပ်ပြီး ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“အဲ့လိုလုပ်တော့လည်းကောင်းပါတယ်။ မဟုတ်ရင် ခိုးတာတွေက တစ်ခုမကျန် အကုန်ခိုးတာ၊ စစ်ဘေး ရှောင် နေရတာ တစ်မျိုး၊ သူခိုးတွေကို ကြောက်ရတာက တစ်မျိုး၊ စကစက တစ်မျိုး၊ တော်တော်ကို ခက်ခဲပါတယ်။” ဟု ကရင်နီ (ကယား) ပြည်မှ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကန့်သတ်ထားသည့်အချိန်အတွင်း စစ်ရေးအရ သွားလာလှုပ်ရှားသည့် တပ်ဖွဲ့ဝင်များ အရေးပေါ် ကျန်းမာ ရေး၊ နာရေးလိုအပ်ချက်များအရ သွားလာရမည့်သူများမှအပ မည်သူမဆို ည ၉ နာရီမှ နံနက် ၄ နာရီအထိ သွားလာခြင်းများ မလုပ်ဆောင်ရန်၊ လုံခြုံရေးဆိုင်ရာလိုအပ်ချက်များအရ သက်ဆိုင်ရာ ကရင်နီပြည်နယ် ရဲဌာန KSP၊ တပ်ရင်းတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များမှ စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လာပါက ကြည်ဖြူစွာ လက်ခံကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၎င်းအပြင် ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နှင့် သီပေါမြို့နယ်များတွင်လည်း ပုံစံမျိုးစုံ အယောင် ဆောင်ထားသည့် အာဏာသိမ်းစစ်တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်တပ်သတင်းပေး ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း စက်တင်ဘာ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။