စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၄ မွေးမြူရေးဇုန်ရပ်ကွက်နေ ပြည်သူများအနေဖြင့် အိမ်တိုင်း ကြက်၊ ဆိတ်၊ နွားမွေးမြူရေး မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း စစ်အုပ်စုက ညွှန်ကြားလိုက်သည်ဟု သိရသည်။
ရပ်ကွက်နေ ပြည်သူများအနေဖြင့် အနည်းဆုံး အိမ်မွေးကြက် ၁၀ ကောင်ခန့် အိမ်တွင်မွေးမြူထားပေးကြရန်နှင့် မမွေးမြူကြသည့်အိမ်များအား အထက်လူကြီးလာရောက်စစ်ဆေးပါက နေအိမ်ချိတ်ပိတ်သိမ်းဆည်းမှုများခံရနိုင် ကြောင်း စက်တင်ဘာ၂၀ ရက်က ရပ်ကွက်ရုံး၌ ပြုလုပ်သည့် အစည်းအဝေးတွင် အုပ်ချုပ်ရေးမှူးက ပြောဆို ခဲ့ခြင်းဖြစ်သည်။
အမှတ် ၄ ရပ်ကွက် မွေး/ဇုန်တွင် နေထိုင်သူအမျိုးသမီးတစ်ဦးက “အမှတ်၄ ရုံးမှာ အုပ်ကြီးက ဦးစိန်ထွန်း သူကရပ်ကွက်ထဲမှာ အကုန်လုံးအစည်းအဝေး ခေါ်တယ်။ မွေးမြူရေးဇုံ ကအိမ်တွေမှာ အနည်းဆုံး ကြက် ၅ ကောင် ၁၀ ကောင် မွေးပြရမယ်။ ပထမ သတ်မှတ်တာက ဆိတ်နဲ့ နွား အခုတော့ ကြက်ကို ၅ ကောင်နေ ၁၀ ကောင်အထိ မွေးပေးရမယ်၊ မမွေးပေးဘူးဆို အထက်က ဆင်းစစ်လို့ မမွေးထားရင်ရဲတို့ ထွေအုပ်တို့က အိမ်ကို ချိတ်ပိတ်မယ်”ဟု ပြောသည်။

အဆိုပါ အမှတ် ၄ ရပ်ကွက် မွေးမြူရေးဇုန်ရပ်ကွက်တွင် ယခင်စစ်အစိုးရလက်ထက်က မွေးမြူရေးလုပ် ဆောင်မည့်သူများအတွက် ရပ်ကွက်သစ်ဖော်ဆောင်ပေးထားသည့် ရပ်ကွက်ဖြစ်သည်။ ယခုလက်ရှိတွင် တရုတ် တရားမဝင်လောင်းကစားရုံများနှင့်အငှားချထားသည့် လူနေအိမ်တန်းလျားများသာ ရှိနေသည့်အတွက် အိမ်တွင်ကြက်၊ ဆိတ်၊ နွားမွေးမြူရန် အဆင်မပြေနိုင်ကြောင်း ရပ်ကွက်သားများပြောဆိုချက်အရ သိရသည်။
“အဲ့မွေးမြူရေးဇုံဆိုရင် တရုတ်ကာစီနို ၊ ကျားဖြန့်ရုံ နေရာတွေများတယ်။ ရပ်ကွက်နေတဲ့ လူတိုင်းအိမ်တွေခြံကွက်တွေက အဓိက မူလပိုင်ရှင်မဟုတ်ဘူး။ ခြံကွက်တွေခွဲစိတ်ပြီးတန်လျား အငှားပေးနေတာဆိုတော့ အဲ့ဆိုလည်း အနည်းဆုံးတော့ ကြက် ၅ ကောင်လောက်တော့ မွေးပေးကြပါတဲ့ အထက်ကနေစာဝင်ထားလို့ပေါ့။ စစ်ဆေးရင်လည်း ရပ်ကွက်က မသိအောင် ရှောင်တခင်စစ် ဆေးမယ်ဆိုပြီးအုပ်ကြီးပြောတယ်” ဟု မွေး/ဇုန်ရပ်ကွက်တွင် နေထိုင်သူ နောက်တစ်ဦးက ပြောသည်။
အာဏာသိမ်း စစ်တပ်နှင့် နယ်ခြားစောင့်တပ်-BGF တို့ အဓိက ထိန်းချုပ်ထားသည့် မြဝတီမြို့တွင် ရပ်ကွက်အလိုက် စစ်မှု ထမ်းစစ်သားသစ်ခေါ်ယူမှုအား ရပ်ကွက်နေ သားသမီးများအစား၊ အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီး အဖွဲ့များမှ လာဘ်ငွေရယူကာ ပျံကျကျူးကျော်ရပ်ကွက်နေထိုင်သူများအား ဧည့်စာရင်းအကြောင်းပြဖမ်းဆီးပြီး စစ်သား သစ်သင်တန်းများသို့ ပို့ဆောင်မှု ဆက်တိုက်ဖြစ်ပွားနေကြောင်း မြို့ခံများထံမှ သိရှိရသည်။



















