စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်လမ်းပိုင်း သိန်ခွန်းဒေသတွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်က ယမန်နေ့ညတွင် ထုတ်ပြန်သည်။
ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ရှမ်းအင်းတော်ရွာအနီး၌ ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့တွင် စစ်ကူလာသည့် အာဏာသိမ်း စစ်တပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အာဏာသိမ်း စစ်တပ်က မောတောင်နယ်စပ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် အနီးရှိ တိမ်းရှောင်နေကြရသော ကျေးရွာများမှ ဒေသခံများအနေဖြင့် နေရပ်မပြန်ရဲကြသေးကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“အခုစစ်ကြောင်းက ဘိတ်ဘက်က လာကူတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ကျနော်တို့သိထားတယ်။ သူတို့က ဒီမောတောင်နယ်စပ်လမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့အတွက်ကို နည်းမျိုးစုံနဲ့ ကြိုးစားနေ တာတွေရှိတယ်။ နှစ်ဖက် စစ်ရေးတင်းမာမှုတွေကတော့ ဆက်လက်ရှိနေတုန်းပါပဲ။” ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ထိုထိုးစစ်ဆင်လာသော အာဏာသိမ်း စစ်တပ် စစ်ကြောင်းကို စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) ဦးဆောင်ကာ ခြေလျင်၊ ခြေမြန်တပ်ရင်း ၄ ရင်း၊ အမြောက်လက်နက်ကြီးတပ်ရင်း တစ်ရင်းနှင့် အထူးဒရုန်းတပ်ဖွဲ့ ၃ ဖွဲ့ ပါဝင်သည်ဟု တော်လှန်ရေးတပ်သတင်းရင်းမြစ်ဘက်က ပြောသည်။
၎င်းအပြင် အာဏာသိမ်း စစ်ကောင်စီမှ မြန်မာ-ထိုင်းနယ်စပ် ထွက်ပေါက်ဖြစ်သည့် မောတောင်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်မှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်။ လက်ရှိတွင် ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။



















