ပုံမှန်မဟုတ်သည့်အခြေအနေ သာမန်မဟုတ်သည့်အခြေအနေ
မောင်ကျော်စွာ
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်)
“ပုံမှန်” ဆိုတဲ့ စကားလုံးကို (ကြိဝိ) – အပြောင်းအလဲ မရှိ မူလအတိုင်း၊ လုပ်ရိုးလုပ်စဉ်အတိုင်းလို့ မြန်မာအဘိ ဓာန်က အနက်ပေးပါတယ်။ ဒါက အဘိဓာန်စာအုပ်ထဲက ဖွင့်ဆိုချက်ဖြစ်ပါတယ်။
လက်တွေ့ထဲက ဖွင့်ဆိုချက်ကို မင်းအောင်လှိုင် စစ်အုပ်စု အာဏာသိမ်းထားတဲ့ ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ရက်နေ့ကနေ ဒီနေ့ မျက်မှောက်ကာလ (၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၀ အတွင်း) ဖြစ်ရပ်များဖြစ်စဉ်များထဲကနေ စူးစမ်းရှာဖွေ ကြည့်ကြပါစို့။
မင်းအောင်လှိုင်တို့ စစ်အုပ်စုက အာဏာသိမ်းတာကနေ ဒီနေ့အထိ အရပ်ရပ်အခြေအနေကို ရည်ညွှန်း ဖော်ပြတဲ့အခါ “ပုံမှန်မဟုတ်သည့်အခြေအနေ/သာမန်မဟုတ်သည့်အခြေအနေ”လို့ ရေးသားဖော်ပြမြဲ ဖြစ်ပါ တယ်။ ဒီလိုရေးကြတာဟာ စစ်အုပ်စုက သူတို့လုပ်ရပ်တွေကို ဖုံးကွယ်ပြီး သူတစ်ပါးကို တမင်တကာ အပြစ်ဖို့တဲ့ ကြံရွယ် ချက်နဲ့ ဆင်ခြေပေးနိုင်ဖို့ရေးတာ ပြောတာပါ။
ဒီနေရာမှာ ဘာကို သတိပြုသင့်သလဲဆိုတော့ မင်းအောင်လှိုင်တို့ စစ်အုပ်စု အာဏာမသိမ်းမီက အခြေ အနေ တစ်နည်းအားဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ရက်နေ့ မတိုင်မီ အရပ်ရပ်အခြေအနေဟာ ပုံမှန်အခြေအနေ/ သာမန် အခြေအနေဖြစ်တယ် ဆိုတဲ့သဘောသက်ရောက်ပါတယ်။ အဓိပ္ပာယ်ဖြစ်ပါတယ်။ မင်းအောင်လှိုင်တို့ စစ်အုပ်စု အာဏာသိမ်းလိုက်တော့မှ ပုံမှန်အခြေအနေ/သာမန်အခြေအနေဟာ ပျက်ပြားယိုယွင်းသွားတယ် ဆိုတဲ့သဘော သက် ရောက်သွားပြီး အဲဒီအဓိပ္ပာယ်လည်း ပေါ်လွင်လာပါတယ်။
မင်းအောင်လှိုင်ရဲ့တရုတ်ပြည်ခရီးစဉ် (၃၀ ဩဂုတ်မှ စက်တင်ဘာ ၆ ထိ) ပြီးဆုံးသွားတဲ့နောက် ချက်ချင်း ဆိုသလို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က “ပြည်ထောင်စုအကျိုးအတွက် ထပ်မံ ဖိတ်ခေါ်ချက်” ဆိုတဲ့ ခေါင်းစီးနဲ့ ကြေညာချက်တစ်ခု ထုတ်ပြန်လာပါတယ်။
အဲဒီကြေညာချက်ထဲမှာ မင်းအောင်လှိုင်တို့စစ်အုပ်စုက ဘာကြောင့်အာဏာသိမ်းရသလဲ ဆိုတဲ့ကိစ္စအတွက် အချက် (၄)ချက်နဲ့ အကြောင်းပြဖော်ပြထားပါတယ်။ အဲဒီအချက် (၄)ချက်က အောက်ပါအတိုင်း ဖြစ်ပါတယ်။
– မဲစာရင်းမှားယွင်းမှုများနှင့် မဲမသမာမှုများကို စိစစ်တွေ့ရှိရသဖြင့် ဖြေရှင်းပေးရန် တောင်းဆိုမှုကို ငြင်းဆန်ခဲ့ခြင်း။
– ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးအားခေါ်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုချက်ကို ငြင်းပယ် ခဲ့ခြင်း။
– နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က နည်းလမ်းရှာ ဆောင် ရွက်ပေးရန် တောင်းဆိုမှုကို ငြင်းပယ်ခဲ့ခြင်း။
– အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှုမရှိခြင်း။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အကြောင်းပြ ချက် (၄)ချက်ကို ဖတ်ပြီးတာနဲ့ တစ်ပြိုင်နက် ပေါ်လာတဲ့အချက် ၂ချက်ရှိပါတယ်။
ပထမအချက်က မင်းအောင်လှိုင် စစ်အုပ်စုက တပ်မတော်ကို တစ်လက်ကိုင်တပ်သဖွယ် အသုံးချပြီး နိုင်ငံ တော်သမ္မတနဲ့ အစိုးရကို ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ကြတယ်။
ဒုတိယအချက်က ပြဿနာကို တည်ဆဲဥပဒေ၊ စည်းကမ်းလုပ်ရိုးလုပ်စဉ် လုပ်ထုံးလုပ်နည်းတွေကို ပစ်ပယ် ချိုးဖောက်ပြီး ထင်ရာစိုင်းခဲ့ကြတယ်ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။
“မဲစာရင်းမှားယွင်းမှုနဲ့ မဲမသမာမှု” ဆိုတာ ရွေးကောက်ပွဲစနစ်ရှိတဲ့ နိုင်ငံတိုင်းလိုလိုမှာ ဖြစ်လေ့ဖြစ်ထရှိ တဲ့ ဖြစ်ရိုးဖြစ်စဉ်မျှသာဖြစ်ပါတယ်။ “အပ်နဲ့သာ ထွင်ရမယ့်” ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သာမန်ပြဿနာလေးတွေသာ ဖြစ်ပါ တယ်။ မင်းအောင်လှိုင်တို့ စစ်အုပ်စုက တမင်တကာ အာဏာသိမ်းချင်လို့ “မဲစာရင်းမှားယွင်းမှုနဲ့ မဲမသမာမှု” ဆိုတဲ့ သာမန်ပြဿနာတွေကို ချဲ့ကားပြီး ပေါက်ဆိန်နဲ့ပေါက်လိုက်တာ အင်မတန်မှ ထင်ရှားနေပါတယ်။
(နဝတ-နအဖ) စစ်အုပ်စုက ၁၅နှစ်ကြာ အချိန်ယူပြီး စိတ်ကြိုက်ရေးသား အဓမ္မအတည်ပြုခဲ့တဲ့ ၂၀၀၈ အခြေ ခံဥပဒေ၊ အခန်း(၉) ရွေးကောက်တင်မြှောက်ခြင်း၊ ပုဒ်မ ၄၀၂ မှာ အခုလို အတိအလင်း ပြဋ္ဌာန်းထားပါတယ်။
အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက် ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်။
(က) ရွေးကောက်ပွဲတင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ
(ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့်ပြင်ဆင်မှုများ
(ဂ) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သောကိစ္စရပ်များ
ဒီအချက်တွေဟာ သူတို့ စစ်အုပ်စုကိုယ်တိုင် ရေးဆွဲအတည်ပြုထားတဲ့ အခြေခံဥပဒေပြဋ္ဌာန်းချက်တွေ မဟုတ်ပါလား။ ဥပဒေဘောင်ထဲကနေ စည်းကမ်းတကျ ဖြေရှင်းလို့ရနိုင်တဲ့ ပြဿနာတွေဖြစ်ပါလျက်နဲ့ အာဏာသိမ်း လိုက်တာ မင်းအောင်လှိုင်တို့ စစ်အုပ်စုပဲ မဟုတ်ပါလား။ ၂၀၀၈ အခြေခံဥပဒေကို ကျော်လွန်ချိုးဖောက်တာ မင်းအောင်လှိုင်တို့ အပေါင်းအပါတစ်စုပဲဖြစ်တယ်ဆိုတာ အင်မတန် ထင်ရှားနေတယ် မဟုတ်ပါလား။
ကာချုပ်က စစ်တပ်ကို တလွဲအသုံးချပြီး နိုင်ငံတော်အစိုးရကို အကြပ်ကိုင် ဖြုတ်ချဖမ်းဆီးတဲ့ လုပ်ရပ်ပဲ မဟုတ်ပါလား။
တကယ်တော့ “မဲစာရင်းမှားယွင်းမှုများနှင့် မဲမသမာမှုများ”ဆိုတာကို ဥပဒေနဲ့အညီ စည်းကမ်းနည်းလမ်းနဲ့ အညီ ဖြေရှင်းပေးရမယ့် အဓိကတာဝန်ရှိအဖွဲ့အစည်းဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပဲ ဖြစ်ပါတယ်။
“မဲစာရင်းမှားယွင်းမှုများနှင့် မဲမသမာမှုများ” ဆိုတာ ၂၀၀၈ အခြေခံဥပဒေ၊ အခန်း (၉) ရွေးကောက်တင် မြှောက်ခြင်း၊ ပုဒ်မ ၄၀၂ ပုဒ်မခွဲ (က)နဲ့(ခ)မှာ ပြဋ္ဌာန်းထားချက်တွေနဲ့ အကျုံးဝင် ကိုက်ညီနေတဲ့ကိစ္စရပ်တွေပဲ မဟုတ် ပါလား။
ဒီလို ပုံမှန်၊ နည်းမှန်၊ လမ်းမှန် ဖြေရှင်းရမယ့်အစား အာဏာအလိုရမ္မက်ကြီးတဲ့ မင်းအောင်လှိုင်စစ်အုပ်စုက ၂၀၀၈အခြေခံဥပဒေကို ကျော်လွန်ချိုးဖောက်ပြီး အာဏာသိမ်းပိုက်တဲ့နည်း၊ လက်နက်နဲ့ အကြပ်ကိုင်တဲ့နည်းနဲ့ ဖြေရှင်း ခဲ့တဲ့အတွက်၊ အပ်နဲ့ထွင်ရမယ့်ကိစ္စကို ပေါက်ဆိန်နဲ့ပေါက်လိုက်တဲ့အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ရက်နေ့က စပြီး ဒီနေ့မျက်မှောက်ကာလထိ (၂၀၂၅ စက်တင်ဘာလ) “ပုံမှန် မဟုတ်သည့် အခြေအနေ/ သာမန်မဟုတ်သည့် အခြေ အနေ”တွေဟာ ဗူးလေးရာ ဖရုံဆင့်ဆိုသလို မပြီးနိုင်မဆုံးနိုင် ဆင့်ကာဆင့်ကာ ပေါ်ပေါက်လာရပါတော့တယ်။
ဒီတော့ တိုင်းပြည်နဲ့အဝန်းမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ၊ သာမန်မဟုတ်တဲ့ အခြေအနေတွေကို အကွက်ချ ဖန်တီးလုပ်ဆောင်ခဲ့တဲ့ နံပါတ်တစ်တရားခံဟာ မင်းအောင်လှိုင်စစ်အုပ်စုပဲ ဖြစ်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်။
စကားကုန်ပြောရမယ်ဆိုရင် ၂၀၀၈အခြေခံဥပဒေသည်ပင် ပုံမှန်အခြေအနေ/သာမန်အခြေအနေမှာ ပြုလုပ် ဖန်တီးခဲ့တဲ့ သွေးရိုးသားရိုး အခြေခံဥပဒေမဟုတ်ဘဲ (နဝတ-နအဖ)စစ်အုပ်စုရဲ့ အကောက်ကြံမှုနဲ့ ဖော်ထုတ်ဖန်တီးမှု ကနေ ပေါ်ပေါက်ထွက်လာတဲ့ ပုံမှန်မဟုတ်တဲ့ အခြေခံဥပဒေတစ်ခုပဲ ဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်ပြီး ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ အနိုင်ရပါတီတွေကို အနည်းစုဖြစ်အောင်၊ ခေါင်းမထောင်နိုင်အောင် အရေအတွက်အရပါ အကြပ်ကိုင်ပြီး ကျိုက္ကဆံ ညီလာခံ/ညောင်နှစ်ပင်ညီလာခံကနေ (၁၅)နှစ်အချိန်ယူပြီး နာဂစ်မုန်တိုင်းကြီးတိုက်ခတ်နေစဉ်မှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို စတေးပြီး အတင်းအဓမ္မ အတည်ပြုခဲ့တဲ့ အခြေခံဥပဒေပဲ မဟုတ်ပါလား။
တကယ်တော့ ၁၉၆၂ခုနှစ်က စလို့ ပေါ်ပေါက်လာတဲ့ ဗိုလ်နေဝင်းတော်လှန်ရေးကောင်စီစစ်အုပ်စုကစလို့ မင်းအောင်လှိုင်ရဲ့ (စကမ)စစ်အုပ်စုထိ မြန်မာပြည်ကို ဗိုလ်ကျစိုးမိုးဖိနှိပ်နေတဲ့ စစ်အုပ်စုအဆက်ဆက်ဟာ တိုင်းပြည် မှာ ပုံမှန်မဟုတ်တဲ့ ကမောက်ကမ အခြေအနေမျိုးစုံကို အဆက်မပြတ် လုပ်ကြံဖန်တီးပုံဖော်နေတဲ့သူတွေပဲ ဖြစ်ပါ တယ်။
လာမယ့် ဒီဇင်ဘာ (၂၀၂၅) နဲ့ ဇန်နဝါရီ (၂၀၂၆)မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဆိုတာလည်း မင်းအောင်လှိုင်တို့ (စကမ) စစ်အုပ်စုက ဖန်တီးနေတဲ့၊ ပုံမှန်မဟုတ်တဲ့ ရွေးကောက်ပွဲတစ်ခုသာဖြစ်ပါတယ်။
လုပ်ကြံစွပ်စွဲချက်များနဲ့ပတ်သက်ပြီး တရားခွင်မှာ “All absurd ” လို့ပြောကြားလိုက်တဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ မိုးကြိုးသွားပမာ စကားလုံးကတော့ စစ်အုပ်စုအဆက်ဆက်ရဲ့ တကယ့်သရုပ်သကန် အစစ်အမှန်ကို ကွက်ကွက်ကွင်းကွင်း ခွာချပြလိုက်တာပါပဲ။
Absurd ဆိုတဲ့ စကားလုံးကို CALD3 အဘိဓာန်က stupid or unreasonable; silly in a humorous way လို့ အနက်ပေးပါတယ်။
“စစ် ၃စစ်” ရှိနေသမျှ “၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှ ပုံမှန်မဟုတ်သည့်အခြေအနေ – သာမန်မဟုတ် သည့် အခြေအနေတွေကို ရင်ဆိုင်နေကြရအုံးမှာပါ။



















