စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့မှ မြဝတီမြို့သို့ ဝင်ရောက်သည့် ကုန်စည်များ တင်ဆောင်လာသော ကုန်တင် ယာဉ်များသည် ယခုလမှ စတင်၍ ပြည်နယ်စစ်အုပ်စုထံမှ ထောက်ခံစာ ရရှိထားမှု မရှိပါက ဖြတ်သန်း သွားလာခွင့်မပြုတော့ကြောင်း ကုန်တင်ယာဥ်များနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လအထိ ဖားအံမှ မြဝတီမြို့သို့ သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားသည့် ဆန် မှလွဲ၍ တခြားကုန်ပစ္စည်းမျိုးစုံ တင်ဆောင်သည့် ကုန်စည်တင်ယာဥ်များအနေဖြင့် အထောက်အထား ပြစရာမလိုဘဲ သွားလာခွင့်ရရှိသေးသည်ဟု ကုန်စည်ပို့ဆောင်သည့် ကုန်သည်များထံမှ သိရသည်။
သို့သော် လက်ရှိတွင် ဆန်အပါအဝင် ဒေသထွက် မည်သည့် ထုတ်ကုန်ပစ္စည်းမဆို ရောင်းဝယ် သယ်ယူပို့ဆောင်နေသည့် ကုန်စည်တင်ယာဥ်များကို ပြည်နယ်စစ်အုပ်စု၏ ထောက်ခံသည့် ခွင့်ပြုချက် လက်မှတ်ရှိမှသာ ဖြတ်သန်းသွားလာခွင့်ရတော့မည်ဖြစ်ကြောင်း မြဝတီ- ဖားအံ ကုန်တင်ယာဥ်မောင်းသူတစ်ဦးက ယခုလို ပြောသည်။
“ အခု ထောက်ခံစာပါမှ ရတော့မယ်။ ပစ္စည်းထောက်ခံစာ မရှိရင် သယ်သွားလို့ မရဲဘူး။ သူတို့ အကုန်သိမ်းတယ်။ ပြီးတော့ ပြန်ဆင်းသွားတဲ့ ကားတွေဆိုရင်လည်း ကုန်ပစ္စည်းတွေ ကန့် သတ်ထား တယ်။ စားသုံးကုန် လူသုံးကုန် စက်သုံးကိရိယာ အကုန်လုံးပေါ့။ အရောင်းအဝယ် လုပ်မယ့် ပစ္စည်း တွေက လုံးဝ မရတော့ဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေလောက်ပဲ ရတော့တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ထောက်ခံစာထဲတွင် ပြည်နယ်စစ်အုပ်စုဘက်မှ အသိအမှတ်ပြုသည့် ထောက်ခံချက်နှင့်အတူ မြို့တွင်းရှိ တာဝန်ခံမည့် ကုန်စုံဆိုင် အမျိုးအစား၊ တည်နေရာနှင့် ပါဝင်သည့် ပစ္စည်းအမျိုးအမည် စသည့် အချက်အလက်များ မှန်ကန်ကြောင်းတို့ကို ထည့်သွင်းဖော်ပြပေးရမည်ဟု အခြေအနေသိရှိသည့် မြို့ခံများထံမှ သိရသည်။
ဖားအံ- မြဝတီ ကုန်စည်ပို့ဆောင်သူတစ်ဦးက “ အခြေအနေ အတိအကျတော့ မသိရသေးဘူး။ ဒီလို ထောက်ခံစာတွေ ဘာတွေ လုပ်ရမယ်ဆိုတာ တခါမှလည်း မကြားဖူးဘူး။ ဒါလုပ်မယ့်အစား ဂျူတီ ပဲလုပ်ခိုင်းပေါ့။ ဖားအံဘက်မှာဆိုရင်လည်း ခုထိ အဖမ်းအဆီး များနေတုန်းပဲ” ဟု ပြောသည်။
အဆိုပါ ထိုင်းကုန်ပစ္စည်းများအား တရားမဝင် တင်သွင်းတင်ဆောင်ခြင်းအတွက် ဖားအံမြို့အတွင်း အဝင်အထွက် ဂိတ်များ၌ အစစ်အဆေး တင်းကြပ်ထားသည့်အပြင် ဖမ်းဆီးခံရသည့် ယာဥ်များကိုလည်း သိန်းဂဏန်းမှ သိန်းဆယ်နှင့် ချီအထိ ပွဲစားမှတဆင့် ချိတ်ဆက်ဆောင်ရွက်ပြီး ပြန်ရွေးယူရသည်ဟု ၎င်းကုန်စည်ပို့ဆောင်သူက ဆက်ပြောသည်။
ထိုသို့ ထိုင်းကုန်ပစ္စည်းများကို တင်သွင်းခွင့် တင်းကြပ်မှုကြောင့် မြဝတီ-ဖားအံ ပြေးဆွဲသည့် ကုန်တင်ယာဥ် အများစုမှာ ယခုအချိန်ထိ ရပ်နားထားဆဲ ဖြစ်သည်။ လတ်တလောတွင် ဒေသတွင်းရှိ စားသောက်ကုန်တချို့ အဆမတန် စျေးမြင့်တက်လာမှုနှင့် ရင်ဆိုင်ရပြီး ကုန်ပစ္စည်း ရှားပါး ပြတ်လပ်မှုများပါ ကြုံတွေ့နေရသည်ဟု ဒေသခံ ကုန်စည်ရောင်းချသူ အမျိုးသမီး တစ်ဦးက ပြောသည်။
၎င်းက “ ရွာတွေဘက်ဆို ကုန်စုံဆိုင်ကြီးတွေမှာတောင် စားသောက်ကုန်ပစ္စည်းတွေ မစုံတော့ဘူး။ အရင်ကဆို နှစ်ပတ်တစ်ခါလောက် ဖြစ်ဖြစ် အသစ်တွေ ရောက်တယ်။ ပြတ်တဲ့ဟာ တချို့ဆို ထပ်မရတော့ဘူး။ ထပ်ဝယ်လို့ ရတာသေးတာတွေကလည်း စျေးပြန်တက်တယ်။ ရှိတာလေးနဲ့ ရောင်းနေရတယ်” ဟု ပြောသည်။
ဖားအံမြို့တွင် ထိုင်းနိုင်ငံထုတ် ကုန်စည်များ တင်ဆောင်ထားလာသည့် ကုန်စည်တင်ယာဉ်များကို သံလွင်တံတားမှ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းခွင့်မပြုသလို ကုန်သိုလှောင်ရုံများ အထိ လိုက်လံဖမ်းဆီးမှုများလည်း ရှိနေကြောင် သတင်းများ ထွက်ပေါ်လျက် ရှိသည်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့၌ အာဏာသိမ်းစစ်အုပ်စုသည် ကုန်ပစ္စည်း ၃၅ မျိုးကို ယာယီတင်သွင်းခွင့် ပိတ်ပင်လိုက်သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် အိမ်အရောက်ကုန်ပစ္စည်းပို့ဆောင်ရေး (Delivery) ဝန်ဆောင်မှု လုပ်ငန်းပိုင်းတွင်လည်း ကုန်ပစ္စည်းအမျိုးစား အလိုက် ပို့ဆောင်မှုကိုပါ ကန့်သတ်ထားကြောင်း သိရှိရသည်။



















