Home သတင်း ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် KNLA မဟာမိတ်တပ်များက စစ်ကူစစ်ကြောင်းကို ဖြတ်တောက် တိုက်ခိုက်နေ

ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် KNLA မဟာမိတ်တပ်များက စစ်ကူစစ်ကြောင်းကို ဖြတ်တောက် တိုက်ခိုက်နေ

1070
Photo-CJ

စက်တင်ဘာ ၁၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ PDF နှင့် မွန်တော်လှန်ရေးတပ်ဖွဲ့များက အာဏာသိမ်း စစ်တပ်၊ စစ်ကူစစ်ကြောင်းများကို ဖြတ်တောက် တိုက်ခိုက်နေ၍ ကျေးရွာ ၆ ရွာထက်မနည်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု စစ်မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တပ်က စက်တင်ဘာ ၉ မှ ၁၁ ရက်ထိ နေ့စဉ် ဖားအံ တပ်မ(၂၂) ဘက်မှ သံပြားကာအလုံပိတ် စစ်ကား ၁၀ စီး ဖြင့် ကျုံဒိုး တပ်ရင်းများသို့ စစ်ကူတပ်သားသစ်နှင့် ခဲယမ်းများ‌ နေ့စဉ်ပို့ဆောင်ကာ ရှေ့တန်းစစ်ကြောင်းများအား အင်အားဖြည့်တင်းတိုက်ခိုက် နေသော်လည်း အထိအခိုက် အကျအဆုံး ရှိပြီး အာရှလမ်းပိုင်းကို ရှေ့တိုးတပ်စွဲ နိုင်ခြင်း မရှိသေးကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ယခုလို ပြောသည်။

“ကျုံဒိုးနဲ့ ကော့ကရိတ်ကို စစ်တပ် လမ်းမပေါက် သေးပါဘူး။ နွားခြံကုန်းနားမှာ သူတို့ လမ်းပိတ်ထား ရတယ်။ အင်းကြီး၊ ကျူံဘိုင်း၊ ရေပူကြီးမှာက သူပစ်ကိုယ်ပစ် ဖြစ်နေတုန်းပါဘဲ။ ကော့ကရိတ်ဘက်ဆိုလည်း လှိုင်စိမ်း၊ မိချောင်းအင်းကို မဖြတ်နိုင် သေးပါဘူး။ အာရှလမ်းရော လမ်းဟောင်းဘက်ရော ပစ်ခတ်မှုက နေ့တိုင်းဖြစ်နေတုန်း ပါဘဲ” ဟု ရှေ့တန်း စစ်သတင်းအရင်းအမြစ်က ပြောသည်။

Photo: CJ

ထိုသို့ တိုက်ပွဲ ဖြစ်ဧရိယာအတွင်း စစ်တပ်နှင့် ပူးပေါင်းထားသည့် ခွဲထွက် DKBA ဗိုလ်ဘိ တပ်များ ရှိနေသည့် ကျေးရွာများသို့ နေရပ်ပြန်လာကြသူ ဒေသခံများကို ရေပူကြီးရွာအနီးရှိ စစ်တပ်က ပစ်ခတ်မှုများ လုပ်ဆောင် နေသည့်အတွက် ရွာဘက်သို့ ပြန်ရန် ခက်ခဲနေသည်ဟု သိရသည်။

“စစ်တပ်က အင်းကြီး၊ မိဂလုံရွာဘက်တွေ လက်နက်ကြီး ပစ်လိုက်၊ ကျုံဘိုင်း၊ ကော့ဝါလဲဘက် ပစ်ထည့်လိုက်၊ ငါးတိုင်၊ ရေပူဘက် ပစ်ထည့်လိုက် လုပ်နေတာမှာ ရွာသားကလည်း ရွာဘက်ခြံဘက်၊ လယ်ဘက်တွေ ပြန်ကြည့် ပြန်အလုပ်လုပ်ဖို့ သွားကြတာပေါ့၊ အဲ့မှာစစ်တပ်ရော ဗိုလ်ဘိအဖွဲ့ တွေရော လိုက်ပစ်တယ်၊ အကုန်ပြေးဘဲလေ ရွာဘက် ပြန်လို့ မရဘူး” ဟု ရေပူကြီး ရွာသားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် အာရှလမ်း၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ဒေသဘက်တွင်လည်း မြဝတီဘက်မှ စစ်တပ်စစ်ကြောင်း များနှင့် ဒေါနတောင်လမ်းဟောင်း၊ အာရှလမ်း ရင်ခွဲတောင် နေရာများဘက်တွင် ပစ်ခတ်မှုများ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများနှင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်ရှိနေသည်ဟု သိရသည်။