စက်တင်ဘာ ၁၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ တောင်ဘက်ရှိ ကရင်နယ်ခြားစောင့်တပ်-BGF ထိန်းချုပ်ရာ မေတ္တာလင်းမြိုင်ရွာသို့ အာဏာသိမ်း စစ်တပ်က ယနေ့ (စက်တင်ဘာ ၇) နေ့လည်ပိုင်းတွင် အင်အားရာချီပို့ဆောင်နေပြီး ဝေါလေလမ်းပိုင်းကို ပြန်စစ် ကြောင်းထိုး တိုက်ခိုက်တော့မည်ဟု ဒေသတွင်း၌ သတင်းများထွက်ပေါ်နေသည်ဟု ကေအိုင်စီ မြေပြင်သတင်း ရင်းမြစ်များက ပြောသည်။
မြဝတီမြို့ကို စစ်တပ်က စက်တင်ဘာ ၁၀ ရက်နေ့တွင်ပြန်ထိန်းချုပ်ပြီးနောက် မြို့တောင်ဘက် ဝေါလေဘက်သို့ စစ်ဆင်ရန် ပြင်ဆင်လာသည့် သဘောမျိုးရှိနေသည်ဟု ဒေသခံတို့ကပြောဆိုသည်။ ထို့အပြင် စစ်တပ်က ၎င်းတို့ စစ်ရှုံး လက်လွတ်လိုက်ရသည့် လေးကေကော် စွယ်တော်ကုန်းခေါ် အမြောက်ကုန်း၊ သေ့ဘောဘိုးနှင့် ဥကရိထ ဘက်သို့စစ်ဆင်ရန် ပြင်ဆင်နေသည်ကို တွေ့ရသည်ဟု မြေပြင်သတင်းရင်းမြစ်က ယခုလို သုံးသပ်ပြောဆိုသည်။
“အခုမနက်က BGF ကားတွေ နဲ့ စစ်သားတွေ မေတ္တာလင်းမြိုင်ရွာထဲကို အင်အား၂၀၀ ကျော် ဖိုးဝှီး၊ ပစ်ကပ်ကား တွေနဲ့ လာပို့သွားတယ်။ လေးကေကော်ဘက် ဝင်မလား၊ ဖလူးကိုဝင်မလားဆိုတာတော့ မသိ သေဘူး” ဟု ကေအိုင်စီက ယုံကြည်ရသည့် မျက်မြင်တွေရှိ သိထားသူ သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် စစ်တပ်က ပြီးခဲ့သည့် စက်တင်ဘာ ၁၄ နှင့် ၁၅ ရက်နေ့များတွင် မေတ္တာလင်းမြိုင်၊ မယ်ထော်သလေး လမ်းပိုင်းရှိ ကြက်ကင်ကုန်း၊ လက်နက်ကြီးပစ်နေရာမှ လေးကေကော်မြို့သစ်ဘက်သို့ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်ဟု စုံစမ်းမေးမြန်းချက်များအရ သိရသည်။
“ဒီရက်ထဲတော့ စစ်တပ်က ဒီဘက်အခြမ်းကို ပွဲကမယ်ထင်မယ်၊ တစ်နေ့က နဲ့ မနေ့ကလည်း မြဝတီ ၂၇၅ ကို ရဟတ်ယာဉ် ၃ကြိမ်လာတယ်။ တိုင်းမှူး လာတယ်လို့တော့ ပြောသံကြားတယ်။ အာရှလမ်း ဘက်လည်း တိုက်ပွဲ တွေက ဆက်ဖြစ်နေတယ်။ ကျုံဒိုး-ကော့ကရိတ်လည်း တိုက်ပွဲရှိနေတုန်းဘဲ” ဟု KNLA မဟာမိတ်ပူးပေါင်းတပ် စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
ထို့အပြင် ယခု ရက်ပိုင်းအတွင်း မော်လမြိုင် အခြေစိုက် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိကြီး ဆိုသူများ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး ဒေသရှိ စစ်တပ်ဗျူဟာ တပ်ရင်းများသို့ ရဟတ်ယာဉ်ဖြင့် လှည့်လည်သွားလာပြီး စစ်ဆင်ရေးကွတ်ကဲမှု့များပြုလုပ် နေကြောင်း စစ်ရေးသတင်း အရင်းအမြစ်များထံမှ သတင်းရရှိသည်။



















