Home သတင်း တော်လှန်ရေးတပ်က ကျောက်မဲတောင်မှ ထားဝယ်ပြန်မည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်

တော်လှန်ရေးတပ်က ကျောက်မဲတောင်မှ ထားဝယ်ပြန်မည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်

473
Photo: Social Media

စက်တင်ဘာ ၁၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၄၊ မြိတ်-ထားဝယ်ခရိုင်တွင် တော်လှန်ရေးပူးပေါင်းတပ် များက ကျောက်မဲတောင်စခန်းမှ ထားဝယ်သို့ တပ်ချိန်းပြီး ပြန်ဆင်းလာသည့် အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်း ကို စက်တင်ဘာ ၁၆ ရက် နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ်ပူးပေါင်းတပ်များက အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး ကျောက်မဲတောင်စခန်းမှ တပ်ချိန်းပြီး ပြန်ဆင်းလာသည့် စစ်ကြောင်းကို ယခုလိုကြားဖြတ်တိုက်ခိုက် ခဲ့သည့်အတွက် စစ်တပ်စစ်ကြောင်း ပြန့်ကွဲသွားပြီး စက်တင်ဘာ ၁၇ ရက်(ယနေ့) နံနက်ပိုင်းတွင် ပခပ်ကျေးရွာ အနီးတွင် တိုက်ပွဲ ဆက်ဖြစ်ပွားနေသည်ဟု KNLA တပ်ရင်း (၁၂) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုလို ကြားဖြတ်တိုက်ခိုက်ခံရ၍ စစ်တပ်က လေကြောင်းပစ်ကူပေးခုခံကာ တပ်ဆုတ်နေသည်ဟု KNLA တပ်ရင်း (၁၂) တာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။

“ကျောက်မဲတောင် စစ်ကြောင်းက စစ်ကြောင်းချိန်းဖို့ထားဝယ်ကနေ စစ်ကူစစ်ကြောင်းတစ်ကြောင်း တက်ခိုင်း တယ်။ အဲဒီတက်လာတဲ့အဖွဲ့က ကာရီရောက်တဲ့အချိန်မှာ ကျနော်တို့ပစ်တော့ ထိခိုက်မှုများပြီး လေယာဉ်နဲ့ စစ်ကူ ပေးပြီး ပြန်ဆုတ်သွားတယ်။ ကျောက်မဲတောင်ကနေ ပြန်ဆင်းတဲ့အဖွဲ့က မနေ့ကရော ဒီနေ့ရောကျနော်တို့ ဘက် က သွားတိုက်တယ်” ဟု KNLA တပ်ရင်း(၁၂) တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Photo: Social Media

ကျောက်မဲတောင်မှ ထားဝယ်သို့ ပြန်ဆင်းမည့် စစ်ကြောင်းကို အင်အားဖြည့် စစ်ကူပေးရန် စက်တင်ဘာလ ၁၄ ရက်နေ့တွင် တပ်အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းတက်လာစဉ် ပကာရီ ဘုန်းကြီးကျောင်းသို့ ရောက်ရှိချိန် တွင် KNLA တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်သည့်အတွက် ၁၀ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရရှိ ကာ ကျန်တပ်ဖွဲ့ဝင်များ ထားဝယ်သို့ ပြန်ဆုတ်သွားရကြောင်း သိရသည်။

လက်ရှိအချိန်တွင်စစ်တပ်သည် ၎င်းတို့ ဆုံးရှုံးထားသည့် နယ်မြေများကို ပြန်လည်ရရှိရန် မေတ္တာမြို့ထဲသို့ အရပ်ဝတ်ဖြင့် စစ်ကူ ပို့ဆောင်နေသည်ဟု နယ်မြေခံ KNLA တာဝန်ရှိသူများက ပြောဆိုသည်။

ထို့အပြင် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးကို ပြန်ထိန်းချုပ်ရန်အတွက် စစ်တပ်က စစ်ကြောင်း အများအပြား ဖြင့် စစ်ကြောင်းထိုးလာနေပြီး တော်လှန်ရေးပူးပေါင်းတပ်များက နေရာတချို့၌ ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။