Home သတင်း အမျိုးသမီးအလုပ်သမားများ မီးဖွားခွင့် ရက် ၁၂၀ ရမည့် ဥပဒေ ထိုင်းလွှတ်တော်အတည်ပြု

အမျိုးသမီးအလုပ်သမားများ မီးဖွားခွင့် ရက် ၁၂၀ ရမည့် ဥပဒေ ထိုင်းလွှတ်တော်အတည်ပြု

597
Photo-Google

စက်တင်ဘာ ၁၇ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ် လုပ်ကိုင်နေသည့် အမျိုးသမီးများ မီးဖွားခွင့် ရက် ၁၂၀ ရရှိမည့် ဥပဒေကို ထိုင်း အထက်လွှတ်တော်၌ စက်တင်ဘာလ ၁၅ ရက်နေ့က ပြဌာန်းအတည်ပြုလိုက်ကြောင်း The Reporter သတင်း၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံရှိ အလုပ်သမားကာကွယ်ရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုလိုက်ခြင်း ဖြစ်သလို ယခင် မီးဖွားခွင့် ရက်ပေါင်း ၉၀ ရက်မှ ယခု ၁၂၀ ရက်အထိ တိုးမြှင့် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသမီး မီးဖွားခွင့် ရက်ပေါင်း ၁၂၀ ရက်ခွင့်ပေးသော်လည်း လစာကို ခွင့်စယူသည့် ပထမရက်မှ စတင်၍ ရက်ပေါင်း ၆၀ အထိသာ ခံစားခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။
ကလေးမကျန်းမာခြင်းနှင့် မသန်စွမ်းကလေးများကို မွေးဖွားပါက နောက်ထပ် ၁၅ ရက်ကြည့်ရှုခွင့် ရမည်ဖြစ်ပြီး လစာ ခံစားခွင့် ၅၀ ရာခိုင်နှုန်းရမည်ဖြစ်ကြောင်း ဖခင်ဖြစ်ပါက ဇနီးသည် ကြည့်ရှုခွင့် ၁၅ ရက်ရရှိမည် ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။

အဆိုပါဥပဒေသည် ၁၉၉၈ ခုနှစ် အလုပ်သမား အကာအကွယ်ပေးသည့် ဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေဖြစ်ပြီး မီးဖွားခွင့်အပြင် အပတ်စဉ် ရုံးပိတ်ရက်၊ ရိုးရာရုံး ပိတ်ရက်၊ နှစ်စဉ်အားလပ်ရက်နှင့် ဖျားနာခွင့် စသည့် ခွင့်ရက် ဥပဒေပြဌာန်းချက်များကို ပြန်လည်ပြင်ဆင်ရန် လွှတ်တော်တွင် တင်ပြထားကြောင်း သိရသည်။
ထို့အပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးများအနေဖြင့် လစဉ်ဓမ္မတာလာသည့်ရက်တွင် လုပ်အားခအပြည့် နားရက် သတ်မှတ်ခံစားခွင့်ပေးမည်ဟုလည်း ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် မေလတွင် ထုတ်ပြန်ထားဘူးသည်။