Home သတင်း တနင်္သာရီ- မောတောင်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ် တိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံး

တနင်္သာရီ- မောတောင်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ် တိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံး

438
Photo: KNU

စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြိတ်-ထားဝယ် ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်ခွန်းကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့ကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မည်း သေဆုံးခဲ့သည်ဟု KNU မြိတ်-ထားဝယ်ခရိုင်က စက်တင်ဘာလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်မှ ၁၂ ရက်နေ့အထိ တိုက်ပွဲပြင်းထန်သည့် သိန်ခွန်းကျေးရွာ အနီးတစ်ဝိုက်တွင် အာဏာသိမ်းစစ်တပ်ဘက်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသလို တိုက်ပွဲပြင်းထန်နေချိန်တွင် လေကြောင်းတိုက်ခိုက်မှုများလည်း အဆက်မပြတ်လုပ်ဆောင်နေသည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး စစ်အုပ်စု တပ်ဖွဲ့ဝင်များထံမှ MA1-(၁)လက်၊ MA3-(၁)လက်၊ လက်ပစ်ဗုံး(၂)လုံး၊ ကျည်ဆံ(၆၅၉)လုံး၊ ခွဲဗုံး(၂)လုံး၊ ကျည်ဘောင်(၂၁) ခုကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ လက် အောက်ခံ တပ်ရင်း (၁၁) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားသည့် သိန်ခွန်းကျေးရွာအနီး ဝန်းကျင်ကို စက်တင်ဘာ ၁၂ရက်တွင် လေကြောင်း ဖြင့် ဗုံးလာကြဲသည့် စစ်အုပ်စုတပ်၏ တိုက်လေယာဥ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ပစ် ခတ်သောကြောင့် ထိခိုက်မှုရှိခဲ့ပြီး မြိတ်မြို့ဘက်သို့ ပြန်လှည့်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

တနင်္သာရီ-မောတောင် လမ်းပိုင်းရှိ သိန်ခွန်းရွာ အနီးတဝိုက်တွင် ဒေသတွင်းရှိ တော်လှန် ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာလျက်ရှိ သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံတို့က ပြောဆိုသည်။