Home သတင်း တနင်္သာရီတွင် စစ်အုပ်စု တိုက်လေယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ထိခိုက်ခဲ့ဟု ကေအဲန်ယူ ထုတ်ပြန်

တနင်္သာရီတွင် စစ်အုပ်စု တိုက်လေယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ထိခိုက်ခဲ့ဟု ကေအဲန်ယူ ထုတ်ပြန်

747

စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ် ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင် နယ်စပ် ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်ခွန်းကျေးရွာအနီး ဗုံးကြဲရန်လာသည့် အာဏာသိမ်းစစ်တပ်၏ တိုက်လေ ယာဥ်(Jet Fighter) ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဗုံးလာကြဲသည့် စစ်အုပ်စု၏ တိုက်လေယာဉ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း (၁၁) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KNU က ပြောသည်။

“ တိုက်ပွဲ ဖြစ်နေတဲ့အချိန် သူတို့ လေယာဥ်နဲ့ ဗုံးလာကြဲဖို့ လုပ်နေချိန်မှာ ပစ်ခတ်ခံရတာ။ ပစ်ခတ်ခံရတာနဲ့ ပြန်သွားတာပဲ ။ လေယာဥ်မှာ မီးခိုးတွေ ထွက်နေတာ တွေ့ရတယ်။ သေချာတော့ အတည်မပြုနိုင်ပေမယ့် ထိခိုက်မှု အနည်းအကျဥ်းတော့ ရှိမှာပဲ” ဟု ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သိန်ခွန်းကျေးရွာဝန်းကျင်တွင် တော်လှန်ရေးတပ်များနှင့် စစ်တပ်တို့ စက်တင်ဘာ ၉ ရက်မှ ၁၂ ရက်နေ့အထိ လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းထိုးလာမှုများရှိကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေကြောင်း ပဒိုစော အယ်နာက ဖြည့်စွက်ပြောသည်။

အာဏာသိမ်း ကာလ ၄ နှစ်တာအတွင်း စစ်အုပ်စု၏ လေယာဉ်နှင့် ရဟတ်ယာဉ်စုစုပေါင်း ၂၀ စီးခန့် ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပြီး ထိုအထဲတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုများကြောင့် ပျက်ကျမှုများလည်း ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်သော ၄ နှစ်ပြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာအရ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35P၊ သယ်ယူပို့ဆောင်ရေး ထောက်ပို့ရဟတ်ယာဉ် Mi-17 ၊ တိုက် လေယာဉ် K-8W ၊ MIG-29 တိုက်လေယာဉ်များကို တော်လှန်ရေးတပ်များဘက်က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့မှု (၁၁) ကြိမ်ရှိခဲ့ပြီး ပျက်ကျမှု ၉ ကြိမ် ရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။