Home သတင်း မဲဆောက် တောရကျောင်း ၃၆ ကြိမ်မြောက် ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပ

မဲဆောက် တောရကျောင်း ၃၆ ကြိမ်မြောက် ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပ

696

ဩဂုတ် ၈၊ ၂၀၂၅ ခုနှစ်။‌ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ တောရကျောင်းတိုက်၏ ၃၆ ကြိမ်မြောက် ကရင့်ရိုးရာဓလေ့ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ယနေ့ ဩဂုတ် ၈ ရက် ဝါခေါင်လပြည့်နေ့တွင် အစဉ်လာမပျက် ကျင်းပပြုလုပ်ခဲ့သည်။

ကရင်လူမျိုးများသည် ရောက်ရှိသည့် နေရာဒေသတွင် ရိုးရာဓလေ့ ထိန်းသိမ်းတတ်စေရန်အတွက် ရည်ရွယ်ပြီး နှစ်စဉ် မပျက်မကွက် ၃၆ ကြိမ်မြောက် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပွဲ ဖြစ်မြောက်‌ရေး ကော်မတီဝင် စောမြပတိုင် က ယခုလို ပြောသည်။

“ကျနော်တို့ ဒီကိုရောက်ပြီး နှစ်စဉ်နှစ်တိုင်း ဒီကျောင်းမှာ ကရင်လက်ချည်ပွဲ ပါဝင်ပူးပေါင်းတာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီး။ အရင် ဆရာတော်လက်ထက်က ဒီထက်မက စည်ကားပြီး လူလာများတယ်။ အခုလည်း များပါတယ်။ ဒါပေမယ့် ကျင်းပတဲ့နေရာလည်း များလာတယ်။ ဒါက ကရင်လူမျိုးကို ပြန်စုစည်းဖို့ ရိုးရာဓလေ့ မမေ့ဖို့အတွက် ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

နံနက်ပိုင်းတွင် စတင် ပြုလုပ်ခဲ့သည့် ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား၌ ပွဲရည်ရွယ်ချက်နှင့် လူငယ်များကို ရိုးရာဓလေ့ ထိန်းသိမ်းတက်စေရန်နှင့် မဲဆောက်မြို့ ရွှေ့ပြောင်း ပညာရေး အခြေအနေများကိုလည်း ပွဲကျင်းပရေး ကော်မတီက ရှင်းပြ ပြောဆိုခဲ့သည်။

ထို့နောက် ဘိုးဘွားများက လိပ်ပြာခေါ်ခြင်း၊ ချည်ဖြူ လက်ချည်ပေးခြင်းများ ပြုလုပ်ခဲ့ပြီး ကရင်လူငယ်များက ဒုံးအက၊ ကရင်တေး သီချင်းများနှင့် ဖျော်ဖြေတင်ဆက်ကာ ကရင်ရိုးရာ မုန့်ဟင်းခါး စတုဒီသာ ကျွေးမွေးဧည့်ခံ ခဲ့သည်။

ယခု ဝါခေါင်လအတွင်း မဲဆောက်မြို့ရှိ တောရကျောင်းအပါအဝင်၊ မယ်ပ သင်္ဘောဦးဆိပ် ဘုန်းကြီးကျောင်း၊ ကျောင်းကြီး ဘုန်းကြီးကျောင်း၊ ဆာသူးလေ အထက်တန်းကျောင်းနှင့် ခွယ်ကဘောင်အထက်တန်းကျောင်းတို့ တွင်လည်း နှစ်စဉ် လက်ချည်ပွဲကို စည်ကားစွာကျင်းပပြုလုပ်လေ့ ရှိကြောင်း မဲဆောက်ကရင်အသိုင်းအဝိုင်းက ပြောသည်။