Home သတင်း ကော့ကရိတ် မြို့ပေါ် ၌ စစ်အုပ်စု ယာယီစုပေါင်းရုံး ပြန်ဖွင့်

ကော့ကရိတ် မြို့ပေါ် ၌ စစ်အုပ်စု ယာယီစုပေါင်းရုံး ပြန်ဖွင့်

686
Photo: CJ

ဩဂုတ် ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့ပေါ်၌ စစ်အုပ်စု၏ ဌာနဆိုင်ရာများ ယာယီစုပေါင်းရုံး ပြန်ဖွင့်ကာ မြို့တွင်းပြန်ဝင်သူ စစ်ရှောင်များ ကို မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ပြုလုပ်ပေးနေသည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ ကော့ကရိတ်မြို့၌ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် မြို့ပေါ်နှင့် အနီးတစ်ဝိုက် တိုက်ပွဲများ ဖြစ်ပွားချိန် ကတည်းက ရုံးများ ပိတ်ထားခဲ့ခြင်းဖြစ်ကာ တချို့ရုံးများသည် ဖားအံမြို့တွင်တွဲဖက် ရုံးဖွင့်လှစ်မှုပြုလုပ်ထားခြင်း ဖြစ်သည်။

ယခု ယာယီစုပေါင်းရုံးကို မြို့ ပေါ် ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၉၇) အနီးရှိ မြို့ နယ်အားကစားကွင်း အလေးမ အားကစားခန်းမ၌ ဌာနများ စုပေါင်းကာ ပြန်ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

မြို့ခံတစ်ဦးက “သူတို့ ကော်မရှင်ဖွဲ့ပြီး ရက်ကတည်းက ဆက်တိုက်ပဲ။ မဲပေးနည်းသင်တန်း ခေါ်လုပ်တယ်။ အခုမှတ်ပုံတင်တွေ၊ သန်းခေါင်စာရင်းတွေ ပြန်လုပ်ပေးနေတယ်။ ပြီးတော့ ပိတ်ထားတုန်းရှိသေးတဲ့ ဈေးကြီးရှေ့မှာ လူစုပြီး ယာဉ်စည်းကမ်း ပညာပေးဆိုပြီး ဓါတ်ပုံရိုက်တယ်။ ဈေးထဲလာပြီး ဓါတ်ပုံရိုက်တယ်၊ ကျောင်းတွေပြန်ဖွင့်ပြီ ဆိုပြီး ဓါတ်ပုံရိုက်တယ်။ အေးဆေးဖြစ်နေပြီးလို့ အုပ်ကြီးတွေက ပြောတာပေါ့နော်” ဟု ၎င်းက ပြောသည်။

Photo: CJ

ယခုလို ယာယီစုပေါင်းရုံး ပြန်ဖွင့်သော်လည်း ကော့ကရိတ် ခလရ (၉၇) နှင့် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ -၁၂) တို့က နေ့စဉ် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသလို တော်လှန်ရေးပူးပေါင်းတပ်များကလည်း ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်း တွင် ပစ်ခတ်မှုတချို့ ရှိနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိ ကော့ကရိတ်မြို့တွင်းသို့ စစ်ရှောင် တစ်ထောင်ခန့် ပြန်လည် နေထိုင်နေကြသလို မြို့ပြင်ကျေးရွာ များတွင်မှု သန်းခေါင်စာရင်းနှင့် မှတ်ပုံတင် ကိစ္စရပ်များ ဆက်သွယ်လာခြင်းမရှိသေးဟု ခနိမ်းမူ-ရန်ကုတ်ရွာခံ တစ်ဦးက ပြောသည်။