ဩဂုတ် ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၅၉၁) ကို ဩဂုတ် ၇ နေ့တွင် မွန်ပြည်တော်လှန် ရေးတပ်-MSRF က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုပြုလုပ်ရခြင်းသည် ဝါခေါင်လပြည့်နေ့တွင် ကျရောက်သည့် မွန်တော်လှန်ရေးနေ့နှင့် ရှစ်လေး လုံးအကြို အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု MSRF ပြောခွင့်ရ မိတာလညဏ်က ယခုလို ပြောသည်။
“ဒီစစ်ဆင်ရေးက ဝါခေါင်လပြည့်နေ့မှာ ကျရောက်တဲ့ မွန်တော်လှန်ရေးနေ့နဲ့၊ ၈၈ အရေးအခင်းနေ့ အထိမ်းအမှတ် အနေနဲ့ ကြိုတင်ပြီးတော့ သွားရောက် ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ ဒီစစ်ဆင်ရေးနဲ့ ပက်သက်ပြီးတော့ ရန်သူဘက်က အသေအပျောက်တွေကို အတည်ပြုနေဆဲဖြစ်ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ပြီး ၈၈၈၈ ၏ သွေးကြွေးများအတွက် ဆက်တိုက်ပွဲဝင်သွားမည်ဟု မိတာလညဏ်က ဆက်ပြောသည်။
ထို့အပြင် အမျိုးသားညီညွှတ်ရေးအစိုး (NUG)က ၈၈၈၈ လူထုအရေးတော်ပုံကြီးမှတစ်ဆင့် ထုဆစ်ပေးလိုက်သည့် ၄ နှစ်ကျော်ကြာ နွေဦးတော်လှန်ရေးသည် စစ်မျက်နှာပေါင်းစုံဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး တော်လှန် ရေးလုပ်ဆောင်နေချိန် ဖြစ်သည်ဟု ရှစ်လေးလုံးအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြထားသည်။



















