Home သတင်း နတ်အိမ်တောင်ကိုလာသည့် စစ်ကူတပ်နှင့်တော်လှန်ရေးတပ်တို့တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီအရာရှိအပါ (၁၇)ဦးသေဆုံး

နတ်အိမ်တောင်ကိုလာသည့် စစ်ကူတပ်နှင့်တော်လှန်ရေးတပ်တို့တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီအရာရှိအပါ (၁၇)ဦးသေဆုံး

679
Photo - ရေးပြောက်ကျားတပ် & Google map

ဩဂုတ် ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကော့လှိုင် ကျေးရွာအနီးတွင် ဩဂုတ်လ(၁၅)ရက်နေ့က နတ်အိမ်တောင်ကိုစစ်ကူပို့ရန်လာသည့် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိ(၃)ဦးအပါအဝင် (၁၇)ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်မျဥ်းပေါ်ရှိနတ်အိမ်တောင်စစ်ကောင်စီတပ်စခန်းနှင့် ၂၇ ကီလိုမီတာဝန်းကျင်ခန့် ကွာဝေးသည့် ကော့လှိုင်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် မွန်၊ ကရင်၊ ထားဝယ်တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်သော တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိ(၃)ဦးပါဝင်သော (၁၇)ဦး သေဆုံးပြီး (၇)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့က ယနေ့(ဩဂုတ်လ ၁၇ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

Photo – ရေးပြောက်ကျားတပ် & Google map

စစ်ကောင်စီက ပြန်လည်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင် (၅)ဦး ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်ကဖော်ပြသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၃)ရက်နေ့ကလည်း အင်အားရာနှင့်ချီသော အဆိုပါစစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့သေးသည်။

ကေအဲန်ယူ တပ်မဟာ(၄)နယ်မြေ၊ ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်တကြောတွင် နောက်ဆုံးသိမ်းပိုက်ရန် ကျန်ရှိသည့် နတ်အိမ်တောင်စခန်းကို စစ်ကူဖြည့်လာသည့် စစ်ကောင်စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကော်သူးလေတပ်မတော်-KTLA(ကြယ် လင်းရောင်တပ်ရင်း)၊ ရာမညမွန်တပ်တော်-RMA၊ မွန်ပြည်တော်လှန်ရေးတပ်-MSRFပါဝင်သော တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ အကြိမ်ကြိမ်ဖြတ်တိုက်ထားနိုင်ခြင်းဖြစ်သည်။