Home ဆောင်းပါး အဓိကတာဝန်က ၂ခုပါပဲ

အဓိကတာဝန်က ၂ခုပါပဲ

914

အဓိကတာဝန်က ၂ခုပါပဲ

မောင်ကျော်စွာ

(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်)

လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာနိုင်ငံဟာ “ပါတီစုံစနစ်” ကို ရွေးချယ်ခဲ့ကြတာဟာ အခြေခံအားဖြင့် မမှားပါဘူး။ ဒါဆိုရင် မှားယွင်းနေတာက ဘာလဲ။ ကျနော့်အမြင်မှာတော့ ပထမပျက်ကွက်မှုက ပြည်တွင်းစစ် ပေါက်ကွဲပေါ်ထွက်လာတာကို အချိန်မီ မတားဆီးခဲ့နိုင်ကြတာပါ။ ဒုတိယပျက်ကွက်မှုကတော့ ဒီနေ့အထိ မပြီး ဆုံးနိုင်ပဲ ရှည်ကြာနေတဲ့ ပြည်တွင်းစစ်ကို (၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်)ထိ အုပ်စိုးခဲ့တဲ့ အစိုးရနဲ့ (၁၉၆၂ ခုနှစ်ကနေ ၂၀၂၅မျက်မှောက်ကာလအထိ) အုပ်စိုးခဲ့ကြတဲ့ စစ်အုပ်စုအဆက်ဆက်က သဘောထားမှန်၊ နည်းမှန် နဲ့ မရပ်စဲနိုင်ကြတဲ့အချက်ပါ။

(၁၉၄၈ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် မျက်မှောက်ကာလအထိ) နှစ်ပေါင်း ၈၀နီးပါး ကာလရှည်ကြီးအတွင်း ဒီပျက်ကွက်မှု ၂ခုက စဉ်ဆက်မပြတ်ပေးနေတဲ့ အကျိုးဆက်တွေက ကြီးမားနက်ရှိုင်းသလို အင်မတန်လည်း ကျယ်ပြန့်ပါတယ်။

အကြီးမားဆုံးနဲ့ အမြင်သာဆုံးအချက်ကတော့ တိုင်းပြည်နဲ့ပြည်သူတွေရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေး၊ စာရိတ္တ စတဲ့ အထွေထွေဘဝဟာ အခြားနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး ဆင်းရဲနိမ့်ကျသွားတာပါပဲ။

အထူးသဖြင့် သွေးနုသားနု ပါတီစုံစနစ် (ဝါ) ပါလီမန်ဒီမိုကရေစီစနစ်ဟာ ပေါက်ကွဲပေါ်ထွက်လာတဲ့ “ပြည်တွင်းစစ်” တားဆီးနိုင်ခြင်းလည်းမရှိ၊ နည်းမှန်လမ်းမှန်နဲ့လည်း မရပ်စဲနိုင်ခဲ့တဲ့အပြင် သူကိုယ်တိုင်ပင်လျှင် စစ်အာဏာရှင်စနစ်က လည်မြိုညှစ်သတ်တာကို ခံလိုက်ရပါတော့တယ်။ ဒါ့အပြင် ပါလီမန်စနစ်ကို လည်မြိုညှစ် သတ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်က တစ်ပါတီအာဏာရှင်စနစ်သို့ တက်လှမ်းသွားတာပါပဲ။ (၁၉၆၂ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ကာလဟာ) ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးမှန်သမျှ လုံးဝ မိုးမှောင်ကျခဲ့ရတဲ့ ကာလပါ ပဲ။

အဲဒီနောက် (၁၉၈၈ခုနှစ်ကနေ ၂၀၂၅ခုနှစ် ဒီနေ့မျက်မှောက်အထိ) ကာလကတော့ တစ်ပါတီအာဏာရှင် စနစ်ဆိုတဲ့ မျက်နှာဖုံးကို ခွာချခံလိုက်ရတဲ့စစ်အုပ်စုက “စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်” ကို စိတ်ကြိုက် အကောင်အထည်ဖော်တဲ့ ကာလပါပဲ။

ပါလီမန်ဒီမိုကရေစီစနစ်ကို လည်မြိုညှစ်သတ်ပြီး တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့တဲ့ “ဖက်ဒ ရယ်” ဆိုတာ “ခွဲထွက်ရေး” လို့ သရုပ်ဖျက်ခဲ့တဲ့ စစ်အုပ်စုက “စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေ စီစနစ်နဲ့ ဒေသကိုအခြေခံသော ဖက်ဒရယ်စနစ်” ကို အကောင်အထည်ဖော်မယ်လို့ ဆိုနေပြန်ပါပြီ။

“စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” အကောင်အထည်ဖော်နေတဲ့ (၁၉၈၈ ခုနှစ်က နေ ၂၀၂၅ ခုနှစ် ဒီနေ့မျက်မှောက်အထိ) ကာလအတွင်းမှာပဲ ပြည်သူတွေရဲ့တခဲနက်ဆန္ဒ (၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နဲ့ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲရလဒ်)ကို စစ်အုပ်စုက နင်းချေဖျက်ဆီးပစ်ခဲ့တာ ၂ကြိမ်ရှိပါ ပြီ။

အခုလည်း နောက်ထပ် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ မင်းအောင်လှိုင်တို့စစ်အုပ်စုက မီးကုန်ယမ်း ကုန် လုပ်ဆောင်နေပါတယ်။
ရွေးကောက်ပွဲကို အသုတ်လိုက်ခွဲပြီး ကျင်းပမယ့် ဒီလိုကျင်းပဖို့အတွက် ပထမအသုတ်ရွေးကောက်ပွဲကို လာမယ့် (၂၈-၁၂-၂၀၂၅) မှာ ကျင်းပမယ်လို့ ဩဂုတ်လ ၁၈ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆက်တိုက် ဆိုသလို ပထမအသုတ် ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ် (၁၀၂)မြို့နယ် စာရင်းကို ဩဂုတ်လ ၂၀ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါ့အပြင် မဲဆန္ဒနယ်အသီးသီးမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီး အမည်စာရင်း စတင်တင်သွင်းနိုင်မယ့်ရက် (၈-၉-၂၀၂၅)ကိုလည်း ဩဂုတ်လ ၂၀ရက်နေ့မှာပဲ တစ်ပြိုင် နက်ထဲ ကြေညာထားပါတယ်။

ဒီလိုရွေးကောက်ပွဲတွေဟာ မင်းအောင်လှိုင် စစ်အုပ်စုက သူတို့လိုချင်တဲ့ ရလဒ်ကို ထွက်အောင်အကွက် ချပြီး ကြံစည်လုပ်ဆောင်တဲ့ ဟန်ပြရွေးကောက်ပွဲတွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီရွေးကောက်ပွဲတွေဟာ ပြည်သူတွေက သူတို့ကို ဆန္ဒမဲပေးပြီး ရွေးချယ်တာပါလို့ ဗြောင်လိမ်ညာဖို့အတွက် ပြည်သူကို ဓားစာခံလုပ်ဖို့ မင်းအောင်လှိုင်စစ်အုပ်စုက လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေသာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၈၀ နီးပါး ဖြတ်သန်းလာကြရတဲ့ သမိုင်းလက်တွေ့ထဲမှာ ကနဦး ပါတီစုံစနစ် (ဝါ) ပါလီမန် ဒီမိုကရေစီစနစ်ကို လည်မြိုညှစ်သတ်ခဲ့တာလည်း စစ်အုပ်စုဖြစ်ပါတယ်။ “ဖယ်ဒရယ်” ဆိုတာ “ခွဲထွက်ရေး” လို့ သည်းကြီးမည်းကြီး သရုပ်ဖျက်ခဲ့တာလည်း စစ်အုပ်စုဖြစ်တယ်။ “တစ်ပါတီအာဏာရှင်စနစ်”ကို အသက်သွင်း အုပ်စိုးခဲ့တာလည်း စစ်အုပ်စုဖြစ်တယ်။ အခုတစ်ခါ “စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ့ ဒေသကို အခြေခံတဲ့ ဖက်ဒရယ်စနစ်”ကို ကွက်ပြည့်နင်းပြီး စိတ်ကြိုက်ရလဒ်ထွက်ဖို့ ကြံစည်နေတာလည်း စစ်အုပ်စုဖြစ် တယ်။

ဒီလိုနဲ့ မြန်မာပြည်မှာ စစ်အုပ်စုက စိတ်ကြိုက်လုပ်ကြံဖန်တီးနေတဲ့ “ပါတီစုံစနစ်”ဟာ ရုပ်ပျက်ဆင်း ပျက်ဖြစ်နေပါတယ်။ စစ်အုပ်စုက စိတ်ကြိုက်လုပ်ကြံဖန်တီးနေတဲ့ “ပါတီစုံစနစ်” ဆိုတာဟာ စစ်အာဏာရှင် စနစ်ကို ဖုံးကွယ်ထားနိုင်ဖို့ မျက်နှာဖုံးတစ်ခုသာဖြစ်တယ်ဆိုတာ အထင်အရှား ပေါ်လွင်နေတယ်။

နိုင်ငံရေးပါတီတွေနဲ့မဲဆန္ဒရှင်ပြည်သူတွေဟာ စစ်အုပ်စုလက်ခုပ်ထဲကရေသဖွယ် စိတ်ကြိုက်သွန်လိုသွန် မှောက်လိုမှောက် ခံနေကြရပါတယ်။
ဒါကြောင့် အသုတ်လိုက် ခွဲကျင်းပမယ်ဆိုတဲ့ မင်းအောင်လှိုင်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေကို တခဲနက် ဆန့်ကျင်ကြရပါလိမ့်အုံးမယ်။ ဒီဆောင်းပါးရေးတဲ့ (၂၁ ဩဂုတ်) ကနေ ရွေးကောက်ပွဲ ပထမအသုတ်ကျင်းပမယ့် (၂၈-၁၂-၂၀၂၅) ထိ ရက်ပေါင်း ၁၃၀ ရှိပါတယ်။
ဒီရက်ပေါင်း ၁၃၀ အတွင်းမှာ ပထမအသုတ် ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် (၁၀၂) မြို့နယ်အတွင်း မှာ နေထိုင်ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဦးတည်ပြီး ပုံစံမျိုးစုံနဲ့ စည်းရုံးလှုံ့ဆော်ကြပါစို့။

နည်းမှန်လမ်းမှန်ရှိတဲ့ “စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်”ကို သွေးရိုးသားရိုး၊ ကျကျနန ဖော်ဆောင်လို တယ်ဆိုရင်တော့ “စစ် ၃စစ် – ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်အုပ်စုက တပ်မတော်ကို ခါးပိုက်ဆောင်တပ်တစ်လက် ကိုင်တပ်သဖွယ် လုပ်ထားတဲ့ အချက်အလက်နဲ့ အခြေအနေတွေကို ဖျက်သိမ်းပစ်ရပါလိမ့်မယ်။

အခြေခံအကျဆုံးအချက်ကတော့ ပြည်တွင်းစစ်ကို နည်းမှန်လမ်းမှန် သဘောထားမှန်တဲ့ ရပ်စဲနိုင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ပြည်တွင်းစစ်ကို နည်းမှန်လမ်းမှန်နဲ့ မရပ်စဲနိုင်သမျှတော့ မြန်မာပြည်မှာ “စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်” ပေါ်ပေါက်လာဖို့ မဖြစ်နိုင်ပါ။ ညီညွတ်ငြိမ်းချမ်းပြီး တိုးတက်ဖွံ့ဖြိုးတဲ့ တိုင်းပြည်လည်း တည်ဆောက်ဖို့ မဖြစ်နိုင်ပါ။

နှစ်ပေါင်း ၈၀ နီးပါး သမိုင်းလက်တွေ့ကို အနှစ်ချုပ်လိုက်ရင်တော့ အဓိက တာဝန်က ၂ခုပါပဲ။
ပထမတစ်ခုက “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေကို အကုန်အစင် ဖျက်သိမ်းပစ်ရမယ်။”
ဒုတိတစ်ခုက “ပြည်တွင်းစစ်ကို နည်းလမ်းမှန် သဘောထားအမှန်နဲ့ ရပ်စဲရမယ်။”