ရှစ်လေးလုံး အရေးတော်ပုံ ၃၇ နှစ်မြောက် ဂုဏ်ပြုစကား
ယနေ့ ဩဂုတ် ၈ ရက်နေ့တွင် ကျရောက်သည့် ရှစ်လေးလုံး အရေးတော်ပုံ ၃၇ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ရှစ်လေးလုံး လူထု အရေးတော်ပုံက ဒီမိုကရေစီရေး တောင်ဆို လှုပ်ရှားခဲ့မှုများ၊ အာဏာရှင်များက ပြည်သူ့ဆန္ဒ ကို မျက်ကွယ်ပြုခဲ့၍ နွေဦးတော်လှန်ရေး ဖြစ်ပေါ်လာပုံ စသည်တို့နှင့် ပတ်သက်၍ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ များ၊ နိုင်ငံရေးသမားများနှင့် တော်လှန်ရေး ခေါင်းဆောင်များ၏ အမြင်သဘောထားများကို စုစည်းဖော်ပြ လိုက်ပါ သည်။
ဦးအောင်မိုးဇော် ( လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS ဥက္ကဋ္ဌ )
၈ လေးလုံးအရေးတော်ပုံကြီးဟာ ကျနော်တို့ အခေါ်တော့ ၁၃၅၀ ပြည့်အရေးတော်ပုံကြီးလို့ ပြောတယ်။ ၁၃၅၀ ပြည့်အရေးတော်ပုံကြီးဟာ တကယ်တမ်းကျတော့ အင်္ဂလိပ် လက်ထက်က နယ်ချဲ့ကို တော်လှန်တဲ့ ၁၃၀၀ ပြည့် ဗိုလ်အောင်ကျော်တို့ ကျရှုံးခဲ့ရတဲ့ နှစ် ၅၀ ပြည့် ဖြစ်ခဲ့တဲ့ အရေးတော်ပုံကြီး ဖြစ်တယ်။ ကျနော်တို့ နိုင်ငံရေးသမိုင်း မှာတော့ တော်တော်ကြီးမားတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အဲဒီအရေးတော်ပုံကြီးရဲ့ အဆက်အစပ်အဖြစ် ယနေ့ အခြေအနေမှာဆိုရင် နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတယ်။ ဒီနွေဦးတော်လှန်ရေးဟာ ၁၃၅၀ ပြည့် ရှစ် လေးလုံးအရေးတော်ပုံကြီးရဲ့ အဆက်ဖြစ်တယ်လို့ ကျနော် အနေနဲ့ အဲ့လိုပဲ ယူဆတယ်။ ယုံကြည်တယ်။
ဦးမိုးကြိုး ( မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA အဖွဲ့ဥက္ကဋ္ဌ )
ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံကြီးဟာ အခု ၂၀၂၁ နွေဦးတော်လှန်ရေးကို မျိုးစေ့ချပေးလိုက်တယ်။ ၈၈၈၈ အစဟာ ၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်တယ်ဆိုတာကို ဒီနေရာမှာ တိတိကျကျနဲ့ ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့တော့ လိုတယ်။ ဒီတော့ စစ်အာဏာရှင်၊ စစ်ဝါဒီတွေ ထောက်လှမ်းရေးအေးဂျင့်တွေ အနေဖြင့် ၈၈ က အချိုးတွေ ၂၁ မှာ လာမလုပ်နဲ့ ။ မရဘူးဆိုတဲ့ ပုံစံမျိုးတွေ အဲဒါတွေ ခေါင်းထဲမစွဲပါနဲ့။ ပါးစပ်ထဲမှာ မထည့်ထားပါနဲ့၊ ရင်ဘတ်ထဲမှာ မသွင်းထားပါနဲ့။ ပြောချင်တာက ၈၈ ကအချိုးတွေ အမျိုးတွေဟာ အခု ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ဆက်လက်ပါဝင်နေကြတာ ဖြစ်တယ်။ ၈၈ ကအချိုးတွေ အမျိုးတွေဟာ ရိုးသားကြိုးစား နိုးကြားပြီးတော့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ တစ်ဆက်တည်း ဆက်လက်ပါဝင် တော်လှန်ချင်တဲ့ သူတွေပဲ ဖြစ်တယ်။
ပဒိုစောတောနီး (ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ)
ပြောချင်တာက ရှစ်လေးလုံးမှာတော့ ကျနော်တို့ ကျောင်းသားဘဝနဲ့ လူငယ်ဘဝတွေမှာပဲ ပါဝင်ဖြစ်ခဲ့တယ်။ ဘာတွေ ဖြစ်ခဲ့လဲ၊ အဲဒီနောက်ခံသမိုင်းကြောင်းကို ကျနော်တို့ ကောင်းကောင်းသိခဲ့တယ် ဆိုတဲ့အပေါ်မှာ ကျနော်တို့ ဖြတ်ကျော်လာပြီးတော့ အားသာချက် အားနည်းချက်တွေက ကျနော်တို့ မြင်တွေ့ရတာပဲလေ။ နိုင်ငံတကာရဲ့ အခင်းအကျင်းအရရော နိုင်ငံရေးအခင်းအကျင်းအရရော တွေ့မြင်ရတယ်။
အခု ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ ကျနော်တို့ အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိတဲ့ လူတစ်ယောက်ဖြစ်လာတဲ့ အခါကျတော့ အဲဒီအားသာချက် အားနည်းချက်တွေကို ကျနော်တို့ ဘယ်လို သင်ခန်းစာယူမလဲ။ ဆက်ပြီးတော့ ဒီအားနည်းချက်လို့ပြောလို့ရတဲ့ အကန့်အသတ်ထဲ စိန်ခေါ်မှုတွေကို ဘယ်လိုဖောက်ထွက်ပြီး သွားမလဲဆိုတာကို ကျနော်တို့ နားလည်တယ်။
ဒါကြောင့်မို့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ တော်လှန်ရေးလုပ်တယ်၊ လက်နက်ကိုင်တိုက်ပွဲဝင်တယ် ဆိုပေမယ့် ကျနော်တို့ အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံရတယ်ဆိုတာ ဒါတကယ်တော်လှန်ရေးလုပ်တဲ့ အခါမှာပဲ နားလည် လာတယ်။ မဟုတ်ရင် ဒီလောက်ရှည်ကြာတဲ့ တိုက်ပွဲကို ကျနော်တို့ သည်းမခံနိုင်ဘူး။ စိတ်မရှည်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ပြည်ပနိုင်ငံမှ မထောက်ပံ့ဘူး။ ကျနော်တို့ စစ်ရေးအတွက် တစ်ပြားမှ မပေးဘူးဆိုတဲ့ အနေအထားမျိုးမှာ ရုန်းကန်လာရတဲ့ အနေအထားရှိတယ်။ တစ်ခုပဲရှိတာ ကျနော်တို့ ရုန်းကန်နေရတဲ့ အနေအထား အထူးသဖြင့် ဒုက္ခရောက်နေတဲ့ ကျနော်တို့ လူသားတွေ နိုင်ငံသားတွေ မိဘတွေကို နိုင်ငံတကာကပဲ ထောက်ကူတာပဲ။
နိုင်ငံတကာလူသားချင်းစာနာမှုအရ ကျွေးမွေးတယ်ဆိုတာကလည်း အများကြီး ဝမ်းသာခဲ့ရတဲ့ အရာတစ်ခုပါပဲ။ ဒါလည်း အခုနောက်ပိုင်း အခြေအနေတွေက အများကြီးကွာသွားပြီ ။ ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ သူတို့ ဒီဇူလိုင်လကုန်မှာ လုံးဝဖြတ်တောက်လိုက်ပြီ။ ဒါတွေက ကျနော်တို့ ဆက်ပြီးရုန်းကန်ရမယ့် အနေအထား ပေါ့။ အခွင့်အရေးရှိသလို စိန်ခေါ်မှုဆိုတာ နေရာတိုင်းမှာ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ စိတ်ပျက်စရာ မရှိဘူး။
ဘယ်တော်လှန်ရေးမဆို ပြည်ပနိုင်ငံ မကူညီဘူးဆိုရင် မအောင်မြင်နိုင်ဘူးဆိုတာ ကျနော်တို့ ထောက်ပြလို့ရတယ်။ အခုနောက်ဆုံးဖြစ်ခဲ့တဲ့ ဆီးရီးယားတော်လှန်ရေး နောက်ဆုံးအောင်ပွဲခံတယ် ဆိုပေမယ့်လို့ တစ်ဖက်ကနေ ရုရှားက သွားပြီးတော့ ကူတိုက်တယ်ဆိုပေမယ့် တစ်ဖက်က သူ့ရဲ့တော်လှန်ရေးအဖွဲ့အစည်းတွေ မဟာမိတ်တွေ မကူလွှတ်ဘူးဆိုရင် ဘယ်လိုမှ မရဘူး။ ကျနော်တို့ ဒီအခြေအနေတွေ မရောက်လာခင်မှာ ဆက်ပြီး စိတ်ရှည် သည်းခံဖို့ ဇွဲလုံ့လနဲ့ ကြိုးစားရအုံးမယ်ဆိုတာ ပြောချင်တယ်။
ဒီ ၂၀၂၁ ခုနှစ် ကနေ ဒီလေးနှစ်အတွင်းမှာ ငြီးနေကြတယ်။ စိတ်မရှည်ကြတော့ ပြတ်တော့မယ် ဘာညာ ပြောတဲ့ လူတွေလို ကျနော်တို့က လက်တွေ့နဲ့ လုပ်လာတဲ့သူတွေအနေနဲ့ ကျတော့ အဲ့ဒါကို စိတ်ပျက်လို့ ဘယ်လိုမှ မဖြစ် ဘူး။ ဆက်သွားရအုံးမှာပဲ။ ဆက်ပြီးသွားရင် နောက်ဆုံးမျှော်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်မယ်ဆိုတာ အလေး အနက် ယုံကြည်ပါတယ်။
ဆရာမနှင်းနှင်းမွှေး (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး-၁)
ဒီ ၈၈ အရေးခင်း လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တချို့က အခုချိန်ထိတောင် ဆက်ပြီး တော့ ဒီတော်လှန်ရေးမှာ ဆင်နွှဲနေဆဲ ဖြစ်ပါတယ်။ ဥပမာဆိုရင် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသား တပ်ဦး ပေါ့နော်။ ABSDF ဆိုလို့ရှိရင် ခုချိန်ထိ တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်ပါဝင်နေတာ ရှိတယ်။ သူတို့ရဲ့ ရဲဘော်တွေက ရှေ့တန်းမှာ နေပြီးတော့ ခေါင်းဆောင်တွေ ကိုယ်တိုင်တိုက်ပွဲမှာ ပါဝင်နေတာ တွေ့နေရ ပါတယ်။
အခု ဒီနွေဦးတော်လှန်ရေးမှာတော့ ပိုပြီးအားကောင်းနေတဲ့အချိန်တွေ ဖြစ်လာတယ်။ တခြား ဒီလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေက နေရာဒေသအနှံ့ အသီးသီးမှာ ပေါ်ပေါက်လာတာ တွေ့ရတယ်။ PDF တွေရှိမယ်။ တခြားသော အစုအဖွဲ့တွေ အများကြီး ရှိနိုင်ပါသေးတယ်၊ ဆိုတော့ ဒီလိုမျိုး အားကောင်းကောင်းနဲ့ ပေါ်ပေါက်လာ တဲ့ ဟာတွေကို ကျမတို့ တော်လှန်ရေးမှာ တွေ့ရတဲ့ အတွေ့အကြုံတွေ နည်းနာယူစရာ၊ သင်ခန်းစာယူစရာ တွေကို ပေါင်းစပ်ပြီးတော့ ဒီတော်လှန်ရေးကို ဘယ်လို အားကောင်းအောင် ပိုလုပ်ကြမလဲ ဆိုတာကို အသေအချာ လုပ်ကြ ဖို့ လိုပါတယ်။ အဲလိုလုပ်တဲ့အခါမှာ ကျမတို့ဘက်ကနေပြီးတော့ လက်နက်ကိုင်တော်လှန်ရေးက ဦးဆောင်သော လက်နက်ကိုင်ဖြစ်တည်မှုတွေ အားလျော်စွာ စည်းကမ်းတွေ လိုက်နာကြဖို့ လိုတယ်။ လူထုကို မဖိနှိပ်ဖို့ လိုတယ်။
၈၈ အရေးတော်ပုံကြီးရဲ့ ထူးခြားချက်က လူထုအရေးတော်ပုံကြီးကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်း ခဲ့တာ ဖြစ်တယ်။ ၂၁ ရာစု နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်ကတော့ စစ်တပ်ရဲ့အာဏာသိမ်းမှုကို လူထုကနေ လက်မခံပဲနဲ့ လူထုအုံကြွမှုကြီး ပေါ်ခဲ့တာ ဖြစ်တယ်။ စစ်တပ်တို့က တောက်လျှောက် သူတို့ကို အာခံတဲ့ သူတို့ အုပ်ချုပ်မှု အာဏာပိုင်စိုးမှုကို လက်မခံတဲ့သူဟူသမျှကို ရက်ရက်စက်စက် ဖြိုခွင်းတယ် နှိမ်နင်းတယ်ဆိုတာ ကျမတို့သမိုင်းမှာ ရှိခဲ့ပြီး ဖြစ်တယ်။ ဒါကိုသိရဲ့နဲ့ လူထုတွေက လမ်းပေါ်တက်ပြီး ရဲရဲဝံ့ဝံ့ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်။
ဆရာမ ဒေါ်ခင်ဥမ္မာ (ရှေ့ပြေးအသံ-Progressive voice အဖွဲ့တည်ထောင်သူ)
ကျမတို့ တိုင်းရင်းသား အသီးသီးဆိုလို့ ရှိရင်လည်း မျိုးဆက်နဲ့ ချီပြီးမှ ဒီစစ်အုပ်စုကို ဖယ်ရှားဖို့ ကိုယ်ပိုင်ပြဌာန်းခွင့် ရဖို့ကို လုပ်ခဲ့ကြတယ်။ ကရင်လူမျိုးတွေ ဆိုလို့ဆိုရင် ဒါ ၇၅ နှစ် ကျန်တဲ့တိုင်းရင်းသားတွေဆိုရင်လည်း နှစ် ၅၀ ကျော် ၆၀ ကျော် လုပ်ခဲ့ကြတဲ့အခါကျတော့ ပြောရမယ်ဆိုရင် ၂၀၂၁ မတိုင်ခင်တုန်းက လုပ်ခဲတဲ့ တော်လှန်ရေးပဲ ပြောပြော လူထုအုံကြွမှု ရှစ်လေးလုံးကိုပဲ ပြောပြော အားလုံးက စစ်အုပ်စုကို အမြစ်ဖြတ် ဖယ်ရှားနိုင်မယ့် ဗမာ လူမျိုးကြီးဝါဒကို အမြစ်ပြတ်သွားအောင် လုပ်နိုင်မယ့်အရာကိုတော့ ဘယ်တော်လှန်ရေးမှ အောင်မြင်အောင် မလုပ်နိုင်ခဲ့ကြဘူးလို့ပဲ ကျမတို့သုံးသပ်ရမယ်နဲ့ တူပါတယ်။
ရှစ် လေးလုံးတစ်ခုပဲလို့တော့ မပြောချင်ဘူး။ ဒါပေမယ့် အရင်ကတည်းက ရှိခဲ့တဲ့တော်လှန်ရေးက မအောင်မြင် ခဲ့တဲ့ အကြောင်းအရာတွေထဲ ပြောရမယ်ဆိုရင် အချင်းချင်းကြား ရှိတဲ ချိတ်ဆက်မှုတွေ၊ ယုံကြည်မှုတည်ဆောက် တာတွေ လွတ်လပ်စွာ ယှဥ်တွဲနေထိုင်ရေးတွေ ဆိုတဲ့အပေါ်မှာ ခိုင်ခံ့တဲ့ နိုင်ငံရေးသဘောတူညီချက်တွေ နားလည် မှုတွေ အဲဒါတွေ မတည်ဆောက်နိုင်ခဲ့တာ။ ဒါတွေက ကျမတို့ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေလို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရမယ်လို့ မြင်ပါတယ်။



















