Home သတင်း ထိုင်းက ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပေးခြင်းအပေါ် UNHCR ကြိုဆို

ထိုင်းက ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပေးခြင်းအပေါ် UNHCR ကြိုဆို

375

ဩဂုတ် ၂၇၊ ၂၀၂၅ ခုနှစ်။‌ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် နှစ် ၄၀ ကျော်ကြာနေထိုင်လာသည့် ဒုက္ခသည်များကို စခန်းအပြင် ထွက်တရားဝင်အလုပ်လုပ်ခွင့်ပြုလိုက်ခြင်းသည် ထိုင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်၍ ကြိုဆိုသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ်က ဩဂုတ်၂၆ ရက်နေ့တွင် ထုတ်ပြန် ပြောဆို လိုက်သည်။

ထိုင်းအစိုးရက နိုင်ငံအတွင်း ရောက်ရှိနေသည့် ဒုက္ခသည်များကို တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ပေးသည့် စီမံချက် အသစ်တစ်ရပ် ခွင့်ပြုလိုက်သည့်အပေါ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေဖြင့် ကြိုဆိုသလို ထိုဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံအတွက် အထောက်အကူဖြစ်မည်ဟု ထုတ်ပြန်ချက်ထဲ၌ ထိုင်းနိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ် Tammi Sharpe က ပြောဆိုသည်။

“အခုလို လမ်းကြောင်းဖွင့်ပေးလိုက်ခြင်းက ထိုင်းနိုင်ငံဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာမူဝါဒတွေကို လိုက်နာရုံသာမကဘဲ အနာဂါတ်အတွက် မဟာဗျူဟာမြောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်နေတာဖြစ်တယ်။ အခုဆို ဒုက္ခသည်တွေဟာ သူတို့ရဲ့မိသားစုဝင်တွေကို ပြန်လည်ထောက်ပံ့ နိုင်တော့မှာ ဖြစ်သလို ဒေသအတွင်း စားသုံးမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း လှုံဆော်ပေးနိုင်မှာ ဖြစ်တယ်။ အလုပ်အကိုင် အခွင့်အလမ်း ဖမ်တီး မှု မြှင့်တင်ပေးခြင်းက နိုင်ငံရဲ့ စီးပွားရေးတည်တံ့ခိုင်မာလာပြီး GDP တိုးတက်မှုကို ပံ့ပိုးပေးနိုင်မှာဖြစ်တယ်” ဟု ပြောသည်။

ထို့အပြင် ဒုက္ခသည်များကို နှစ် ၄၀ ကျော်ကြာ နေခွင့်ပြုပြီးနောက် တရားဝင် အလုပ်လုပ်ခွင့်ပြုသည့် မူဝါဒသစ်ကို အကောင်အထည်ဖော်မည်ဆိုက ဒုက္ခသည်အခွင့်အရေး ဖြေရှင်းရေးနည်းကို အခြားနိုင်ငံများ စံနမူနာ ဖြစ်သွားမည် ဟု UNHCR ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

လက်ရှိ ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများသည် အတတ်ပညာ အရည်အချင်းများနှင့် အလုပ်လုပ်ဆောင်နိုင် မည့် အသက်အရွယ်အပိုင်းအခြား စသည့် အချက်အလက် ကောက်ယူထားပြီဖြစ်သည့်အတွက် အလုပ်ခေါ်မည့် အချိန်ကိုသာ စောင့်ရမည်ဟု နယ်စပ်ဒုက္ခသည် အလုပ်အကိုင်ရရှိရေးအတွက် တောင်းဆိုပေးသည့် အဖွဲ့များထဲ တွင် ပါဝင်သူ ကရင်အမျိုးသမီးအစည်းအရုံး (KWO)ဥက္ကဌ နော်ကညောဖောက ပြောသည်။

၎င်းက “တရားဝင်အလုပ်လုပ်ခွင့်ရပြီးဆိုရင် ထိုင်းနိုင်ငံရဲ့သတ်မှတ်ထားတဲ့ တရားဝင်အလုပ်သမားတစ်ယောက်ရဲ့ အခွင့်အရေးကို သူတို့ရမယ်။ ဒီလိုဆုံးဖြတ် ပေးလိုက်တာဟာ ဒုက္ခသည်အတွက် ကျမတို့ ဝမ်းသာကြိုဆိုတယ်။ ဒုက္ခသည် ဘဝရှင်သန်ရေးအတွက် အပြည့်အဝမဟုတ်တောင်မှ ဒီလို ရိက္ခာဖြတ်တောက်တဲ့အချိန်မှာ သူတို့ မိသားစု စားဝတ်နေရေးပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

ကမ္ဘာဒီးယာ အလုပ်သမားများ ပြန်သွားပြီးနောက် လှစ်လပ်နေသည့် အလုပ်နေရာများကို နယ်စပ်ဒုက္ခသည် စခန်း ၉ ခုရှိ ဒုက္ခသည်များကို အစားထိုးသွားမည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ပြောဆိုထားသည်။

UNHCR ၏ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် စုစုပေါင်းလူဦးရေ ၈၁,၀၀၀ ကျော် ခိုလှုံ နထိုင်ကာ ထိုလူဦးရေ၏ ၄၇ ရာခိုင်နှုန်းသည် ဒုက္ခသည်စခန်းထဲ၌သာ မွေးဖွားပြီးကြီးပြင်း လာသည် ဟု သိရသည်။

ဒုက္ခသည် စခန်း(၉)ခုရှိနေထိုင်သူအများစုသည် နိုင်ငံတကာ အကူညီ မရရှိတော့သည့်အတွက် ဒုက္ခသည်များကို နှစ်ရှည်ကြာ ထောက်ပံ့ကူညီပေးသည့် The Border Consortium (TBC) ယခု ဩဂုတ်လမှ စတင်ပြီး ရိက္ခာဖြတ် တောက်လိုက်ပြီး ဖြစ်သည်။

ထို့ကြောင့် ရိက္ခာ မရရှိတော့သည့်အချိန်တွင် ဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာ မိမိကိုယ်ကိုယ် ရပ်တည်နိုင်ရေး အတွက် ထိုင်းအစိုးရက တရားဝင်အလုပ်လုပ်ခွင့်ပေးရန် ဒုက္ခသည်များကို ကူညီပေးနေသည့် နယ်စပ် အရပ်ဖက် အဖွဲ့များက ဇူလိုင်လအတွင်းက ထိုင်လွှတ်တော်ကော်မတီထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။

ထို့အပြင် လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က လည်း ယခုလထဲတွင် ထုတ်ပြန်ချက်ထုတ်ပြီး ထိုင်းအစိုးရကို တိုက်တွန်း ခဲ့သေးသည်။