ဩဂုတ် ၂၇ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့နယ်၊ နောဖာဒိုကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာအနီးရှိ ဂိတ်စခန်းတစ်ခု လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီးနောက် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်ဖွဲ့ဝင်များက ဒေသခံခရီးသွားပြည်သူများ အသုံးပြုနေသည့် ကမ်းကူးဖောင်နှင့် စက်လှေများအား ပစ်ခတ်ဖျက်ဆီးမှု လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
သြဂုတ် ၂၅ ရက်နေ့က ဗိုလ်ဘိ ဦးစီးသည့် DKBA နှင့် အာဏာသိမ်းစစ်တပ်တို့ပူးပေါင်းထားသည့် ဂိတ်စခန်းကို ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) မှ လက်ပစ်ဗုံးဖြင့် သွား ရောက်ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထို့နောက် သြဂုတ် ၂၆ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် DKBA တပ်ဖွဲ့ဝင်အင်အား ၄၀ နီးပါးသည် ကား ၅ စီးဖြင့် နောဖာဒို၊ နိုးရား၊ ဖွေးဒူးကူးနှင့် ထီးခေါဝါးကျေးရွာများသို့ ဝင်ရောက်လာသည်။ ထီးခေါဝါး လှေဆိပ်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ကမ်းကူးဖောင်စက်လှေ ၂ စီး၊ စက် ၂ လုံးနှင့် မော်တာ ၂ လုံး အပါအဝင် ပြည်သူပိုင်ပစ္စည်းများကိုပါ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုပစ္စည်းများ၏ ငွေကြေးတန်ဖိုးမှာ ကျပ်သိန်း ၂၀၀ ကျော်ရှိသည်ဟု ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။
အဆိုပါ ပစ်ခတ်ဖျက်ဆီးပြီးနောက်တွင် DKBA တပ်ဖွဲ့က အရပ်သားတချို့ကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့သလို ပြည်သူများသွားလာရေးကိုလည်း တင်းကြပ်စစ်ဆေးခြင်းများ ပိုမိုပြုလုပ်လာနေကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“အဲ့လို ပစ်ခံလိုက်ရတဲ့နောက် သူတို့က ဆိုင်ကယ် နှစ်ယောက်စီးလို့မရတော့ဘူး။ ညနေ ၆ နာရီနောက်ပိုင်း အသွားအလာ ပေးမလုပ်တော့ဘူး။ လမ်းသွားလမ်းလာတွေကိုလည်း အစစ် အဆေးပိုလုပ်လာတယ်။ သူတို့ တပ်ဖွဲ့ဝင်တွေလည်း ထပ်ဖြည့်ထားတယ်” ဟု ၎င်းဒေသခံက ပြောသည်။

တချိန်တည်းတွင် DKBA တပ်ဖွဲ့များသည် ကေအဲန်ယူ ထိန်းချုပ်ရာနေရာများသို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး တပ်ဖွဲ့ဝင်အင်အားကိုလည်း ထပ်တိုးထားကြောင်း KNU ဘက်က ပြောသည်။
“ဗိုလ်ဘိတို့အဖွဲ့က ရွာဘက်ကို လက်နက်ကြီးတွေ လှမ်းပစ်တာတွေ လုပ်တယ်။ ရွာသားတွေကလည်း ကြောက်ပြီးနေရတယ်။ သူတို့က စစ်တပ်နဲ့ ပူးပေါင်းပြီး ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းဘက် ဝင်တိုက် ပေးသလို စစ်တပ်ကနေ လက်နက်ရော၊ စားနပ်ရိက္ခာအစ အထောက်အပံ့ယူတယ်” ဟု KNU တပ်မဟာ (၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။
KNU သထုံခရိုင်/ တပ်မဟာ ၁ အုပ်ချုပ်နယ်မြေရှိ ထိုဒေသတွင် DKBA တပ်ဖွဲ့ဝင်များနှင့် KNU တပ်ဖွဲ့ များအကြား စစ်ရေးတင်းမာမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ယခုဖြစ်စဉ်ကြောင့် ပဋိပက္ခ များလာနိုင်ခြေရှိကြောင်း ဒေသခံများက မှတ်ချက်ပြု ပြောဆိုကြသည်။
လက်ပစ်ဗုံးဖြင့် ပစ်ခံရသည့် ထို DKBA ဂိတ်စခန်းတွင် ဖြတ်သန်းလမ်းသွားလာနေသည့် ဒေသခံယာဉ်များထံမှ အဆမတန် ငွေကြေးတောင်းခံခြင်း၊ လူထုများအပေါ် အနိုင်ကျင့်မှုများ ပြုလုပ်နေသဖြင့် ၎င်းဂိတ်စခန်းရှိနေခြင်းကို မလိုလားကြကြောင်းလည်း ဒေသခံများက ဆိုသည်။
အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ဗိုလ်ဘိ ဦးဆောင်သည့် DKBA တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။




















