ဇူလိုင် ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့ အနီးရှိ ပိတ်ဆို့ ခံထားရသည့် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၁၂) ထဲသို့ ရိက္ခာ၊ ခဲယမ်း ထုတ်များကို ဇူလိုင် ၄ ရက်နှင့် ၆ ရက်နေ့တို့တွင် Y8 လေယာဉ်က လေထီးဖြင့် ကြဲချပို့ဆောင် ခဲ့သည် ဟု မြေပြင် စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ စကခ-၁၂ ဌာနချုပ် တစ်ဝိုက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ် များက ဧပြီလကတည်းက ဝိုင်းပတ်ပိတ်ဆိုစ့်ထားသည့်အတွက် ယခုလို လေကြောင်းမှ လေထီးဖြင့် ရိက္ခာ၊ ခဲယမ်း ပို့ဆောင်နေခြင်း ဖြစ်သည်။
“၄ ရက်က တစ်ကြိမ် ၆ရက်နေ့ တစ်ကြိမ် Y8 လေယာဉ်လာတယ်၊ Air drop လေထီးကြဲချပြီး ရိက္ခာ၊ ခဲယမ်း လာချ တယ်” ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် တော်လှန်ရေးတပ်များက စစ်ဗျူဟာပိုင်း အရေးပါသည့် ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ဖြတ်တောက် စိုးမိုးထားသည့်အပေါ် စစ်ကောင်စီက လမ်းကြောင်းပွင့်ပြီး အောင်ဇေယျ စစ်ကြောင်းထိ မြေပြင် စစ်ကူပို့နိုင်ရန် နည်းမျိုးစုံသုံး စစ်ကြောင်းထိုးသော်လည်း လက်ရှိအချိန်ထိ တိုးမပေါက် ဖြစ်နေသည်ဟု မြေပြင် သတင်းရင်းမြစ်များက ပြောသည်။
အလားတူ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တိုင်းအဆင့် စစ်ကောင်စီအရာရှိများ ကျုံဒိုး ခမရ-၅၄၅ တပ်သို့ ယခုရက်ပိုင်းတွင် ရောက်ရှိလာပြီး တပ်ပြေးများလာမှုအပေါ် ကြပ်မတ်စိစစ်ရန်နှင့် ဗျူဟာ သစ်ချမှတ်ပြီး ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်း ပြန်ပွင့်အောင်တိုက်ရန် ညွှန်ကြားပြင်ဆင်နေသည်ဟု ရှေ့တန်း သတင်းများအရ သိရသည်။



















