Home သတင်း သာယာဝတီထောင်တွင် ရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦးကို တစ်ပတ်ကျော်ကြာ တိုက်ပိတ်ထား

သာယာဝတီထောင်တွင် ရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦးကို တစ်ပတ်ကျော်ကြာ တိုက်ပိတ်ထား

795
Photo: Social Media

ဇူလိုင် ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်တွင် အကျဥ်းကျခံထားရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦးကို ထောင်ဝန်ထမ်းထံမှ ပုခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ခံရပြီး တစ်ပတ်ကျော်ကြာသည်ထိ တိုက်ပိတ်ခံထားရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် -PPNM က ယနေ့ ဇူလိုင် ၁၆ ရက်နေ့တွေင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံရေးအကျဥ်းသားဖြစ်သူ ကိုအောင်သူထက်ကို ထောင်တွင်း အဆောင်မှူးရုံးခန်း၌ အလုပ်လုပ်နေသည့် အခြားပြစ်မှုရှိ အကျဥ်းသားတစ်ဦးနှင့် ရန်ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် ထောင်ဝန်ထမ်း စိုးမင်းဆိုသူက ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ အခုဆိုရင် ထောင်အာဏာပိုင်ကအစ အောက်ခြေဝန်ထမ်းတွေအထိ နိုင်ငံရေးအကျဥ်းသားတွေကို တော်တော်လေးကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်နေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒါကို တော်လှန်ရေးအင်အားစုတွေ‌ရော ဆောင်ရွက်နေကြတဲ့ အင်အားစုတွေရော သတိထား စောင့်ကြည့်ပြီး လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပုခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ခံရသည်ကိုလည်း အကျဥ်းထောင်မှ ဆေးကုသမှု ပေးခြင်းမရှိသည့်အတွက် ထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများက ဝိုင်းဝန်းတောင်းဆိုမှသာ အခင်းဖြစ်ပွားသည့်ရက်၏ နေ့လည် ၂ နာရီခန့်တွင် ဆေးကုသခွင့်ပေးခဲ့ကာ အဆိုပါ အကျဥ်းသားကို ပြဿနာရှိသည်ဟု ဆိုပြီး တိုက်ပိတ်ထားခဲ့ကြောင်း PPNM က ဆိုသည်။

ယခုလို သာယာဝတီထောင်သို့ ပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဥ်းသားများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများကဲ့သို့ ရိုက်နှက်မှု ဖြစ်စဥ်များ မကြခဏ ပြုလုပ်တတ်သူတစ်ဦးဖြစ်သည့် ထောင်ဝန်ထမ်းဖြစ်သူ စိုးမင်းကို ထောင်အာဏာပိုင်များအနေဖြင့် အပြင်ထွက်ခွင့်နှင့် ‌ထောင်တွင်း နေရာပြောင်းခြင်းကိုသာ လုပ်ဆောင်စေခဲ့ပြီး ယနေ့အချိန်ထိ ထိရောက်သည့် အရေးယူ‌ဆောင်ရွက်ခြင်းများ မရှိကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

အကျဥ်းထောင်အတွင်း ယခုလို နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေသည့် ထောင်ဝန်ထမ်းများအား ထောင်အာဏာပိုင်များက ထိရောက်သော အပြစ်ပေး အရေးယူမှုများ လုပ်ဆောင်ခြင်းမရှိသောကြောင့် ထောင်ဝန်ထမ်းများ နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုတွေ ပိုပြီးပြုလုပ်လာခြင်း ဖြစ်သည်ဟု PPNM ကပြောသည်။

ထုတ်ပြန်ချက်အရ ထောင်အာဏာပိုင်များအနေဖြင့် ထောင်ဝန်ထမ်းများ တရားဥပဒေမဲ့စွာ ရိုက်နှက်မှုများလုပ်ဆောင်နေသည့်အပေါ် ရပ်တန့်စေရန်အတွက် အမြန်ဆုံး ဆောင်ရွက်ကြရန် PPNMက တောင်းဆိုထားသည်။

အာဏာသိမ်းမှုနှင့်ဆက်စပ်ပြီး တစ်နိုင်ငံလုံးအတိုင်းအားဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ စုစုပေါင်း (၂၉၃၉၄) ဦးရှိသည့်အနက် (၁၀၈၇၃) ဦးမှာ လက်ရှိအချိန်ထိ ထောင်ဒဏ်ချမှတ်ခံထားရကြောင်းလည်း AAPP က ကောက်ယူထားသော စာရင်းတွင် ဖော်ပြထားသည်။