ဇူလိုင် ၁၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရှမ်းမြောက် နောင်ချိုမြို့ကို စစ်ကောင်စီက ပြန်လည်တိုက်ယူ ထိန်းချုပ်လိုက်ပြီးနောက် စစ်ဘေးရှောင်သူ ထောင်ချီတိုးလာသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) ၏ ပြောရေးဆိုခွင့်ရှိသူ ယိန်းလျန်ဟန်က ဇူလိုင် ၁၇ ရက်နေ့တွင် ပြောသည်။
အဆိုပါ နောင်ချိုမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLA တစ်နှစ်ခန့်အကြာ ထိန်းချုပ်ထား ပြီး စစ်ကောင်စီက ၂၀၂၅ ဖေဖော်ဝါရီတွင် ပြန်လည်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၁၅ ရက်နေ့တွင် မြို့ကို ပြန်ထိန်းချုပ် နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန် ထားသည်။
နောင်ချိုမြို့ တိုက်ပွဲများအတွင်း စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသည့်နေရာများကိုပါ လေကြောင်းတိုက် ခိုက်ခြင်းနှင့်လက်နက်ကြီး ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး မြို့ပြန်ထိန်းချုပ်နိုင်ရေး တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ထောင်ချီ တိုးလာသည်ဟု SHRF မှ ယိန်းလျန်ဟန်က ယခုလို ပြောသည်။
“ရှေ့တစ်ခေါက်ကတည်းက စစ်တပ်က နောက်ချိုရဲ့လမ်းဆုံနေရာတွေကို ပြန်ပြီး ထိန်းချုပ်ထားလိုက်တယ်။ အခု ဆိုရင် တော်တော်လေးဒုက္ခရောက်တယ်၊ စစ်ကောင်စီက နောင်ချိုကိုပြန်ပြီး ထိန်းချုပ်လိုက်တဲ့အတွက် အဲ့နေရာ အနီးတဝိုက်ကလူတွေ စစ်ဘေးရှောင်တွေက တခြားသောနေရာတွေကို ပြန်ပြီးတော့မှ စစ်ဘေးတိမ်းရှောင်နေရတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်။ စစ်ဘေးရှောင်တွေလည်း ထောင်နဲ့ချီပြီး တိုးလာပါတယ်” ဟု ၎င်းက ပြောသည်။
နောင်ချိုမြို့နယ်တွင် ပြီးခဲ့သည့်မေလမှ စ၍ ဇူလိုင် လလယ်ပိုင်းအထိ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA တပ်ဖွဲ့ဝင်များကြား နှစ်ဖက်တိုက်ပွဲပေါင်း ၃၁၉ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၁၀၆ ကြိမ်၊ ဒရုန်း ဖြင့်တိုက်ခိုက်မှု ၁၆၂ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၄,၆၉၂ ကြိမ်နှင့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှု ၁၈၆ ကြိမ် တို့ကို လုပ်ဆောင်ခဲ့ပြီး ယနေ့ ဇူလိုင် ၁၇ ရက်အထိ တိုက်ပွဲများ ဆက်ဖြစ်ပွားနေသည်ဟု TNLA က ပြောသည်။
ထို့အပြင် မေလမှ ဇူလိုင် ၁၅ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်နှင့် မိုင်းငေါ့ မြို့နယ်အတွင်းရှိ ဒေသခံစုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၈၈ ဦး၊ ဘာသာရေး အဆောက်အအုံ ဘုန်းကြီးကျောင်း ၈ ခု၊ စာသင်ကျောင်း ၈ ကျောင်းနှင့် ပြည်သူပိုင်နေအိမ် ၂၂၀ လုံး ထိခိုက်ပျက်စီး သွားခဲ့သည်။



















