Home သတင်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါသူများကို အရေးယူမည်ဟု ရေးအခြေစိုက် တော်လှန်ရေးတပ်များ သတိပေး

ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါသူများကို အရေးယူမည်ဟု ရေးအခြေစိုက် တော်လှန်ရေးတပ်များ သတိပေး

726
Photo: Crd.

ဇူလိုင် ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်တွင် စစ်ကကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအတွင်း ပါဝင်နေသူများကို စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ရေးမြို့နယ်အခြေစိုက် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေး ပြည်သူ့ကာကွယ်ရေးတပ်(YPDF)နှင့် ဒေါနတပ်ရင်း(၂)တို့က ဇူလိုင် ၂၀ ရက်နေ့တွင် သတိပေးချက်ထုတ် ပြန် ထားသည်။

ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲ ပြုလုပ်ရန် အီလက်ထရောနစ် စနစ်ဖြင့် မဲပေးနိုင်သည့် သင်တန်းများပို့ချပေးခြင်း၊ သန်းခေါင်စာရင်း ကောက်ခံခြင်းများကို လုပ်ဆောင်လျက်ရှိနေကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်မှပြောဆိုလိုက်သည်။

“လက်ရှိမှာတော့ သင်တန်းပို့ချပေးနေတာတွေ ရှိတယ်။ ပြီးတော့ သန်းခေါင်စာရင်း ကောက်ခံတာတွေပေါ့၊ အဲ့လို တွေလှုပ်ရှားနေတာတော့ ရှိတယ်။ နောက်တစ်ခုအနေနဲ့က အခုလိုစစ်ကောင်စီရဲ့လုပ်ငန်းစဉ်တွေမှာ ပါဝင် ပက်သက် နေသူတွေကိုလည်း စစ်ရေးအရဆန့်ကျင်အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောခြင်ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ရေးခရိုင်အတွင်း စစ်ကောင်စီနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲများ မကြာ ခဏ ဖြစ်ပွားလေ့ရှိနေပြီး မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးအရ ထိရောက်စွာ လှုပ်ရှား လျက်ရှိနေသည်ဟု မိတလညဏ်က ဆက်ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲအတွက် အီလက်ထရောနစ် မဲပေးစက်သင်တန်းကို ရေးခရိုင်အတွင်း ပြုလုပ်ပေးမည်ဟု သတင်းရရှိထားပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် သွားလာလှုပ်ရှားမှုများကို တော်လှန် ရေးအဖွဲ့ အစည်းများက သတင်းအချက်အလက်များ ရရှိထားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မွန်ပြည်နယ်အတွင်းရှိစစ်ကောင်စီ ရွေးကောက်ပွဲမလုပ်နိုင်စေရန် တားဆီးသွားမည်ဖြစ်၍ အုပ်ချုပ်ရေးမှူးများ၊ Non-CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် အတူတကွသွားလာခြင်း၊ သင်တန်းတက်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ မပြုလုပ်ရန် တော်လှန်ရေးတပ် ၃ ဖွဲ့က ဆက်လက် သတိပေးထားသည်။