ဇူလိုင် ၂၁ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နိုင်ငံတကာ အကူအညီရန်ပုံငွေ ဖြတ်တောက်မှုကြောင့် အခက်ကြုံနေသည့် ဒုက္ခသည်များ အနေဖြင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA နယ်မြေအတွင်း ပြန်လာ၍ တောင်ယာနှင့်လယ် လုပ်ကိုင်နိုင်ပြီး ၆လကျော် အထိကျွေးမွေးပံ့ပိုး နိုင်သည်ဟု စစ်ဦးစီးအရာရှိချုပ်၊ ဗိုလ်ချုပ်စောဆန်းအောင်က ပြောသည်။
ဇူလိုင် ၂၀ ရက်နေ့တွင် DKBA ဌနချုပ်ရှိရာ ဆုံဆည်းမြိုင်၌ ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များပြန်လာနေထိုင်လိုပါက လူဦးရေ ၁,၀၀၀ ခန့် အထိ ကျွေးထားနိုင်သလို တောင်ယာ၊ လယ်လုပ်မည်ဆိုက ကိုယ်တိုင်စိုက်ပျိုးရန် မြေယာ၊ မျိုးစေ့များ ထောက်ပံ့ ပေးသွား မည်ဟု ၎င်းက ယခုလို ပြောသည်။
“မျက်စိအောက်မှာ ကျနော်တို့ ဒေသက မိဘပြည်သူတွေ ထမင်းမစားရဘူး၊ ထမင်းငတ်တယ်ဆိုရင် ကျွေးဖို့တော့ စေတနာရှိတယ်။ ကျွေးနိုင်တယ်ပေ့ါ။ ကျွေးနိုင်တယ် ဆိုတာက သူများဒုက္ခသည်လို နှစ် ၂၀၊ ၃၀ မဟုတ်ဘူး။ သူတို့ တောင်ယာ လုပ်စားမလား၊ လယ်လုပ်စားမလား ၆ လစာ ကျနော်တို့ ကျွေးလို့ နိုင်တယ်။ သူတို့ ကိုယ်၌က အလုပ်လုပ်တဲ့သူတွေ ဖြစ်ရမှာပေ့ါဗျာ။ ကျနော်တို့ဆီမှာ လုပ်ကိုင်စားဖို့ မြေယာတွေ ရှိတယ်။ ဥပမာ-ကျနော်တို့ ဆို ပြောင်းလုပ်စားတယ်၊ တောင်ယာ လုပ်စားတယ်” ဟု ဗိုလ်ချုပ်ဆန်းအောင်က ပြောသည်။
ရိက္ခာ ဖြတ်တောက်မှု ကြုံတွေ့ရသည် တိုင်းရင်းသားများ၏ အခက်အခဲသည် မိမိ အခက်အခဲ အဖြစ်သည်ဟု ခံယူထားကြောင်း၊ သို့သော်လည်း စစ်ဖြစ်ပွားနေပြီး လုံခြုံရေးအန္တရာယ်မြင့်မားနေ၍ ဒုက္ခသည်များ ထိုင်းနိုင်ငံ အတွင်း နေထိုင်ခြင်းက ၎င်းတို့အတွက် ပိုမိုလုံခြုံစေကြောင်းလည်း ဗိုလ်ချုပ်ဆန်းအောင်က မှတ်ချက် ပေးသည်။
“ဒုက္ခသည်တွေဟာ မပြန်လာဘူး၊ မပြန်လာဘူး။ ကျနော်တို့ဟိုမှာ လက်ညှိုးထိုးပြီးတော့ ဒီမှာ မြေ၊ ဝါး၊ ဒီမှာ ဖက် ကျနော်တို့ ပြောဖူးတယ်။ တကယ်ကျတော့ သူများဆီမှာ စစ်မဖြစ်တဲ့အတွက် မကြောက်ရဘူးဗျာ။ ပြောမယ်ဆို လို့ရှိရင် အဖက်ဖက်က လုံခြုံတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မှီ အချိန်တွင် ဂျပန်နီပွန်ဖောင်ဒေးရှင်းက ဒုက္ခသည်များအတွက် နေအိမ်များ ဆောက်ပေးခဲ့ကြောင်း၊ ဒုက္ခသည်စခန်းထဲက ဒုက္ခသည်များ အိမ်များကို စာရင်းသွင်းလာယူပြီး နောက် ဒုက္ခသည်စခန်းထဲသို့ ပြန်သွားသူတချို့ရှိကြောင်း ထို့နောက် အာဏာသိမ်းမှု ဖြစ်ပွားပြီး ထွက်ပြေးလာသူ များကို အိမ်ငှားခြင်းများ တချို့ရှိသည်ဟု ကြားသိရကြောင်းလည်း ဗိုလ်ချုပ်ဆန်းအောင်က ပြောသည်။
မြန်မာတွင် အုပ်ချုပ်ရေးနှင့် ထိပ်ပိုင်းများ ပြောင်းလဲသော်လည်း ဥပဒေ၊ ပေါ်လစီကို မပြောင်းလဲသည့် အတွက် ပဋိပက္ခနှင့် စစ်မက်ရှည်ကြာရကြောင်း၊ ယင်းအခြေအနေကြောင့် တိုင်းပြည်မှ ပြင်ပသို့ လူအများ နည်းမျိုးစုံဖြင့် ထွက်ပြေးနေပြီး ဒုက္ခသည်များလည်း နှစ်နှင့်ချီ သောင်တင်နေသည်ဟု ၎င်းက မှတ်ချက်ပြု ပြောသည်။
အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာအကူအညီ ရန်ပုံငွေဖြတ်တောက်မှု နောက်ဆက်တွဲကြောင့် အထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်းများတွင် ရန်ပုံငွေ ရရှိမှု နည်းလာ၍ လာမည့် ၂၀၂၅ ခုနှစ် ဇူလိုင်လကုန် ပြီးနောက် အစားအစာဖြန့်ဝေခြင်းများကို ရပ်တန့်တော့မည် ဖြစ်သည်။
ထို့အတွက် ထိုင်းနိုင်ငံအတွင်း နှစ်ချီသောင်တင်နေသူ ဒုက္ခသည်များကို ထိုင်းနိုင်ငံ၏ လုပ်သားအင်အားစနစ် အတွင်း တရားဝင်အလုပ်လုပ်ခွင့်ပေးရန် ဆွေးနွေးမှုများသည် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိသည်။ ယခုလို အလုပ်လုပ်ခွင့်ပြုရေးနှင့်ပတ်သက်၍ ထိုင်း နယ်စပ်အခြေပြု အရပ်အဖက်အဖွဲ့အစည်းများကွန်ရက်က ထိုင်းလွှတ်တော် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ကော်မတီကို ဇူလိုင် တတိယပတ်အတွင်းက စာချွန်လွှာတင်သွင်း တွေ့ဆုံခဲ့မှု များလည်း ရှိခဲ့သည်ဟု သိရသည်။



















