Home သတင်း ရွေးကောက်ပွဲသည် အဖြစ်သဘောသာ ရှိမည်ဟု DKBA ပြော

ရွေးကောက်ပွဲသည် အဖြစ်သဘောသာ ရှိမည်ဟု DKBA ပြော

885

ဇူလိုင် ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ယခုနှစ်ကုန်ပိုင်းတွင် ပြုလုပ်မည်ဟု ပြောဆိုနေသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် အဖြစ်သဘောသာ ရှိနိုင်သလို အများပြည်သူနည်းတူ လက်ခံ၍မရဟု ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA၊ စစ်ဦးစီး အရာရှိချုပ်၊ ဗိုလ်ချုပ်ဆန်းအောင်က ပြောဆိုလိုက်သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ပြည်သူဆန္ဒ အပြည့်အဝပါသည့် ရွေးကောက်ပွဲဖြစ်လာမည်မဟုတ်သလို DKBA နယ်မြေဒေသသည်လည်း မငြိမ်းချမ်း၍ ရွေးကောက်ပွဲတွင် ပါဝင်နိုင်မည် မဟုတ်ဟု ၎င်းက ဇူလိုင် ၂၀ ရက်နေ့ တွင် ဆုံဆည်းမြိုင်၌ လွတ်လပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ၌ ယခုလို မှတ်ချက်ပြု ပြောသည်။

”ဒေသအတွင်းနဲ့ နိုင်ငံအတွင်း တည်ငြိမ်မှုမှမရှိတာ၊ တိုက်ပွဲဖြစ် လူဒီလောက်တောင်သေနေတာ ဟိုသွားမရောက် ဒီသွားမရောက် ရွေးကောက်ပွဲလာလုပ်ရင်တော့ ဘယ်လိုလုပ်ဖြစ်မလဲ။ တကယ်လို့ သူတို့ရွေးကောက်ပွဲ ဖြစ်ရင် တောင် ပြီးသလိုလုပ်တဲ့ ရွေးကောက်ပွဲအဆင့်လောက်ဘဲ ဖြစ်မယ်”ဟု ၎င်းက ပြောသည်။

အဆိုပါရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဆိုပါက လက်ရှိဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသားများ ကို ကနဦးလွတ်ပေးမှ ပြည်သူယုံကြည်မှုရမည် ဖြစ်သလို DKBA အနေဖြင့်လည်း လက်ရှိ စစ်ကောင်စီ ရွေးကောက်ပွဲကို မယုံကြည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA သည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင်လည်း စစ်ကောင်စီနှင့် ဆက်ဆံရေးတချို့ ရှိနေသည့် တပ်ဖွဲ့ ဖြစ်သည်။

ထို့အပြင် ဇူလိုင် ၁၆ ရက်နေ့က ဝေါ်လေမြိုင်ရှိ DKBA ဗဟို လုံခြုံရေးတပ်ရင်း အဆောက်အဦး တစ်ခုကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။