Home သတင်း ရွေးကောက်ပွဲရှေ့ဆက်ရေး စစ်ကောင်စီနှင့်လိုက်ပါလုပ်ဆောင်သူများ တာဝန်ခံရမည်ဖြစ်ကြောင်း KNU သတိပေး

ရွေးကောက်ပွဲရှေ့ဆက်ရေး စစ်ကောင်စီနှင့်လိုက်ပါလုပ်ဆောင်သူများ တာဝန်ခံရမည်ဖြစ်ကြောင်း KNU သတိပေး

1102

ဇူလိုင် ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရွေးကောက်ပွဲရှေ့ဆက်လုပ်ဆောင်နိုင်ရေးအတွက် စစ်ကောင်စီနှင့်အလိုတူ လိုက်ပါလုပ်ဆောင်သူများ မိမိတို့လုပ်ရပ်အပေါ် တာဝန်ခံရမည်ဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးပြောခွင့်ရ ပဒိုစောတောနီးက သတိပေးပြောဆိုလိုက်သည်။

ယခုနှစ် ဒီဇင်ဘာမှစပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်ကျင်းပနိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ရွေးကောက်ပွဲအပေါ် ကေအဲန်ယူ၏သဘောထားမှတ်ချက်ကို ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့က ကေအိုင်စီနှင့် သီးသန့်အင်တာဗျူးအတွင်း မေးမြန်းရာတွင် ပဒိုစောတောနီးမှ ဖြေကြားသွားခြင်းဖြစ်သည်။

၎င်းက “ရွေးကောက်ပွဲရလဒ်၊ ရွေးကောက်ပွဲပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ဆိုးကျိုးကတော့ ကောင်းကျိုး ထက်များမယ်၊ ဒါကြောင့် ဒီဟာကိုလုံးဝအားမပေးဖို့ ကျနော်တို့ပြောထားပြီးသားဖြစ်ပါတယ်။ နားမ ထောင်ဘဲ ဆက်လုပ်သွားမယ်ဆိုရင် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် အရပ်ရပ်ဟာ စစ်ကောင်စီနဲ့အလိုတူအလိုပါ လုပ်တဲ့သူတွေ ပြည်တွင်းပြည်ပမှာတာဝန်ယူလုပ်နေတဲ့သူတွေကပဲ အကုန် တာဝန်ခံသွားရမှာပါ” ဟု ပဒိုစောတောနီးက ပြောသည်။

လက်ရှိ စစ်ကောင်စီကရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းပြီး၍ ၎င်းတို့ထံ မှတ်ပုံတင်ထားသည့်နိုင်ငံရေး ပါတီ ၇၇ ခုအနက် ပါတီ ၅၀ ကျော်ကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ပြုထားသည်။ ထိုအထဲတွင် ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီ-KNDP၊ ကရင်ပြည်သူ့ပါတီ-KPP စသည့် ကရင်နိုင်ငံရေး ပါတီများလည်း ပါဝင်နေသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကနဦးကြေညာထားသော်လည်း ပြုလုပ်မည့်မြို့ နယ်စာရင်းအ သေးစိတ်နှင့်ရွေးကောက်ပွဲဥပဒေများကို ယနေ့ထက်ထိ ထုတ်ပြန်လာခြင်းမရှိသေးပေ။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ပါတီကမူ ကရင်ပြည်နယ်အတွင်း ပြုလုပ် မည့်မြို့နယ်အားလုံးတွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဟု တောနော် FM ၏ ဇူလိုင်လ ၄ ရက်နေ့ သတင်းဖော်ပြချက်မှတဆင့် ဆိုထားသည်။

ကရင်ပြည်နယ်၌ အုပ်ချုပ်ရေး၊ စစ်ရေး လုပ်ဆောင်နေသည့် ကေအဲန်ယူက စစ်ကောင်စီ၏ လက်ရှိ ရွေးကောက်ပွဲသည် အာဏာသိမ်းမှုကြောင့် ပျက်စီးသွားပြီဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံပေါ်တွင်သာ အခြေခံနေပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသဖြင့် ကန့်ကွက်ကြောင်း ကရင်နေ့ ထူးနေ့မြတ်ပွဲအခမ်းအနားများတွင်ပါ ပြောဆိုလာသည်။

“ကျနော်တို့နားလည်တာ ဒီရွေးကောက်ပွဲက သူတို့ရဲ့ပျက်စီးသွားပြီဖြစ်တဲ့ ၂၀၀၈ ကိုပဲအခြေခံထားတာ။ ဒါက စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရုံသာမကဘူး၊ စစ်အာဏာရှင်စနစ်ကို အတိအလင်း တည်ဆောက်ထားတာဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲက ကျနော်တို့ရဲ့ အကျိုးစီးပွားနဲ့လုံး ဝဆန့်ကျင်ဘက်ပဲဖြစ်နေတယ်။ ကျနော်တို့လက်ခံမှာမဟုတ်ဘူး။” ဟု ကေအိုင်စီနှင့်အင်တာဗျူးအတွင်း ပဒိုစောတောနီးက ဖြည့်စွက်ပြောသည်။

တဖက်မှာ အပစ်မရပ်သည့်စစ်ကောင်စီက ရွေးကောက်ပွဲကိစ္စအဓိကထားဆွေးနွေးရန် ငြိမ်းချမ်း ရေးဖိုရမ်-၂၀၂၅ အဖြစ် ပြီးခဲ့သည့်လက ပြုလုပ်ခဲ့ပြီးနာက်ပိုင်းတွင် ၎င်းနှင့် အတိုက်အခံဖြစ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးတပ်ဖွဲ့များကို လက်နက်ချကမ်းလှမ်းမှု ဆက်တိုက်လုပ်နေသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ စစ်တပ်၏နိုင်ငံရေးထွက်ပေါက်က ရွေးကောက်ပွဲမဟုတ်ဘဲ နိုင်ငံ့ အရေးမှာ ဝင်မစွက်ဖက်ရန်၊ သက်ဆိုင်သူများပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်လာရေးကသာ ငြိမ်းချမ်းရေးအတွက် အဓိကကျကြောင်း သုံးသပ်ပြောဆိုကြသည်။

လူ့ဘောင်သစ်ဒီမိုကရေစီတစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ” ဒီရွေးကောက်ပွဲကို ကျနော်တို့ အားလုံးက မျှော်လင့်နေလို့မရဘူး။ ဒီရွေးကောက်ပွဲက ကျနော်တို့အားလုံးက ပယ်ရမယ့် ရွေးကောက် ပွဲဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်ကို တကယ်ပဲ ငြိမ်းချမ်းစေချင်တယ်ဆိုရင် ၊ ဒီပြဿာတွေကို တကယ်ပဲပြေလည်စေချင်တယ်ဆိုရင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေ၊ အထူးသဖြင့် လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ ဒီကြားမှာ တွေ့ဆုံဆွေးနွေးပြီးတော့ ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုရှေ့ဆက်တည်ဆောက်မလဲဆိုတဲ့ကိစ္စကို ဝိုင်းဝန်းအဖြေရှာဖို့က အရေးကြီးဆုံးပဲလို့ ကျနော် အဲလိုယူဆပါတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူအပါအဝင် အတိုက်အခံအင်အားစုများဘက်က ရွေးကောက်ပွဲအပေါ် ပြင်းပြင်းထန် ထန်ကန့်ကွက်မှုများ လုပ်ဆောင်နေသည့်ကြားထဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ၏ တောင်းဆိုချက်အရ ၎င်းတို့လုံခြုံရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အကာအကွယ် အထူး ဥပဒေပြဌာန်းရေး စစ်ကောင်စီက စီစဥ်နေကြောင်းလည်း ရွေးကောက်ပွဲအနီးကပ် သတင်းစောင့်ကြည့်ရေးသားသည့် မီဒီယာတချို့တွင် ဖော်ပြသည်။