Home သတင်း မြဝတီရှိ ကရင်နိုင်ငံရေးပါတီ စည်းရုံးရေးမှူးဟောင်းတချို့ ပါတီပြန်ဝင်လုပ်ရန်ဆန္ဒမရှိဟု ပြောဆို

မြဝတီရှိ ကရင်နိုင်ငံရေးပါတီ စည်းရုံးရေးမှူးဟောင်းတချို့ ပါတီပြန်ဝင်လုပ်ရန်ဆန္ဒမရှိဟု ပြောဆို

652
Photo -၂၀၂၀ ရွေးကောက်ပွဲတုန်းက ကရင့်နိုင်ငံရေးပါတီတစ်ခု စည်းရုံးရေးခရီးစဉ်

ဇူလိုင် ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ ယခင် ကရင်နိုင်ငံရေးပါတီစည်းရုံးရေးမှူးဟောင်းတချို့ကို ဖားအံအခြေစိုက် ပါတီခေါင်းဆောင်ပိုင်းများက စည်းရုံးရေးပြန်ဝင်လုပ်ဆောင်ရန် ဆက်သွယ် လာသော်လည်း ပါတီပြန်ဝင်လုပ်ရန် ဆန္ဒမရှိတော့ဟု စည်းရုံးရေးမှူးဟောင်းများက ပြောဆိုသည်။

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟု စစ်ကောင်စီက ပြောဆိုနေသည့် ရွေးကောက်ပွဲအတွက် ဖားအံ အခြေစိုက် ကရင်နိုင်ငံရေးပါတီ ဗဟိုခေါင်းဆောင်ပိုင်းက မြဝတီမြို့ရှိ ယခင်ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စည်းရုံးရေးမှူးဟောင်းများကို လတ်တလော ဆက်သွယ် မေးမြန်း၊ စည်းရုံးမှုများရှိနေသော်လည်း တချို့ပြန်လုပ်ရန် ဆန္ဒမရှိဟု အကြောင်းပြန်ခဲ့သည်ဟု ကရင်ပါတီစည်းရုံးရေးမှူးဟောင်း တစ်ဦးက ယခုလို ပြောသည်။

“မြဝတီမှာတာ့ ကရင်ပါတီ ပြန်လုပ်ကြဖို့ ဖားအံဘက်က ပါတီလူကြီးတွေ ဆက်သွယ်လာတာတော့ ရှိတယ်။ ကြားမိတာ ဒီမှာဘယ်သူမှ ပြန်မလုပ်ကြဘူး။ ကရင် စာ/ယာဉ်ကလူတွေလည်း အကုန်နုတ် ထွက်ထားကြတယ်”ဟု မြဝတီရှိ ကရင်ပါတီစည်းရုံးရေးမှူးဟောင်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

မြဝတီမြို့တွင် လက်ရှိ ကရင်နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားမှု ပြုလုပ်နိုင်ခြင်း မရှိသေးသော်လည်း ပါတီ ဝင်ဟောင်းများနှင့် ချိတ်ဆက်မှု ပြုလုပ်ပြင်ဆင်နေခြင်းဖြစ်သည်။

ထို့အပြင် မြဝတီမြို့သည် နယ်စပ်မြို့ဖြစ်ပြီး စီးပွားရေးအခွင့်အလမ်းများရှိ၍ ပဲခူးတိုင်းဒေသကြီးနှင့် အထက် မြန်မာပြည်မှ အညာသားများ ပြောင်းရွှေ့အခြေချမှု ယခင်ကတည်းက ရှိခဲ့သည်။ မြဝတီတွင် လာမည့် ရွေးကောက်ပွဲ၌ ကရင်လူမျိုးမဟုတ်သူ အခြားလူမျိုးများက ကရင်ပါတီတွင် ဝင်ရောက်ပြီး အမတ်အဖြစ်ဝင် အရွေးခံချင်သူများလည်း ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်ဟု မြို့ခံ ကရင်ပါတီဝင်ဟောင်းတစ်ဦးက ပြောသည်။

“မြဝတီမှာ ကရင်လူမျိုးမဟုတ်ပေမဲ့လည်း ကရင်ပါတီလုပ်ချင်သူတွေ၊ ပါတီဝင်ပြီးလူကြီးနေရာ၊ အမတ်နေရာ လုပ်ချင် သူတွေတော့ရှိနေတယ်။ ခန့်မခန့် တော့မသိဘူး” ဟု ကရင်ပါတီ ဝင်ဟောင်းတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲဝင်ရန် ပါတီ ပြန်လည်မှတ်ပုံတင်ထားသည့် ကရင်နိုင်ငံရေး ပါတီများကို လက်ရှိ စည်းရုံးလှုပ်ရှား မှုများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မရ ဖြစ်ခဲ့သည်။

လက်ရှိ ကရင်ပြည်နယ်တွင် မြဝတီနှင့် ဖားအံမြို့တွင်သာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီတစ်ခုတည်းက စည်းရုံးလှုပ်ရှားမှုများရှိနေသည်ဟု မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲ၌ ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသား ဒီမိုက ရက်တစ်ပါတီ-KNDP၊ ကရင်ပြည်သူ့ပါတီ(KPP)တို့ NLD ပါတီနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ဖူးပြီး တချို့မဲဆန္ဒနယ်များတွင် ၄ မဲအကွာဖြင့် ကရင်ပါတီတို့ ရှုံးနိမ့်ခဲ့ခြင်းများလည်း ရှိခဲ့သည်။