Home သတင်း ရွေးကောက်ပွဲကြောင့် သွေးထွက်သံယိုမှုများ ပိုမိုဆိုးရွားလာစေမည်ဖြစ်ကြောင်း ICG ထောက်ပြ

ရွေးကောက်ပွဲကြောင့် သွေးထွက်သံယိုမှုများ ပိုမိုဆိုးရွားလာစေမည်ဖြစ်ကြောင်း ICG ထောက်ပြ

823
Photo​ crd​: ICG​ website page

ဇူလိုင် ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည် ပြည်တွင်းစစ်ဖြစ်နေသည့် မြန်မာပြည်၌ သွေးထွက် သံယိုမှုများကိုသာ ပို၍များပြားစေနိုင်ကြောင်း စစ်ပွဲဆန့်ကျင်၊ ငြိမ်းချမ်းရေးပုံဆောင်ရန် ကြိုးပမ်း နေသည့် နိုင်ငံတကာအရပ်ဖက်အဖွဲ့ International Crisis Group-ICG က ယနေ့ထုတ်ပြန်သော အာရှအစီရင်ခံစာတွင် ထောက်ပြသည်။

အများလက်ခံယုံကြည်မှုမရှိသော ရွေးကောက်ပွဲနည်းလမ်းသည် မြန်မာ့နိုင်ငံရေးအကြပ်အတည်းနှင့် ပဋိပက္ခအတွက်အဖြေမဟုတ်ဘဲ ပြည်တွင်းနိုင်ငံရေးအကွဲအပြဲကိုသာ ပိုမိုနက်ရှိုင်းစေမည်ဟု ICG က ဆိုသည်။

မဲပေးစနစ်တွင်လည်း တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များ၏အဟန့်အတားကြောင့် သွေးထွက် သံယိုမှုများ ပိုမိုများပြားလာနိုင်ပြီး အကျိုးဆက်အနေဖြင့် နယ်စပ်ဖြတ်ကျော် မြန်မာဒုက္ခသည် များပြားလာနိုင်ခြင်း၊ ကူးစက်လွယ်ရောဂါများ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ ကျယ်ပြန့် လာခြင်းတို့ကိုလည်း ဖြစ်စေနိုင်ကြောင်း ICG က ထောက်ပြသည်။

ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပဋိပက္ခနှင့်ဆက်နွယ်သူ အင်အားစုအားလုံးပါဝင်သော နိုင်ငံရေးလုပ်ငန်းစဥ်ပေါ်ပေါက်လာရေး ကြိုးပမ်းပေးရမည်ဖြစ်ပြီး ရွေးကောက်ပွဲကို တရားဝင်နိုင်ငံရေး လမ်းစဥ်အဖြစ် အသိအမှတ်မပြုမိစေရန် ဂရုပြုရမည်။

ရွေးကောက်ပွဲကာလ သွေးထွက်သံယိုမှုနှင့် နောက်ဆက်လက်ဖြစ်နိုင်သည့် အရပ်သားပစ်မှတ်ထား စစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းရန် ညှိနှိုင်းနည်းနာများကို ကုလသမဂ္ဂအနေဖြင့် ပြင်ဆင်ထားသင့်ပြီး အာဆီယံတွင်လည်း မြန်မာ့အရေးအထူးကိုယ်စားလှယ်ခန့်အပ်ခြင်းဖြင့် တစ်သမတ် တည်းရှိသော မူဝါဒ ကျင့်သုံးနိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

သို့သော် တရုတ်အစိုးရ ကြားဝင်အကူအညီပေးခြင်း၊ အနောက်နိုင်ငံများက မြန်မာအပေါ် စိတ်ဝင် တစားရှိမှု လျော့နည်းသွားခြင်းနှင့် အမေရိကန်၏မူဝါဒအပြောင်းအလဲများကြောင့် အာရှနိုင်ငံများက ၎င်းတို့အကျိုးအမြတ်အရ စစ်ကောင်စီနှင့်ဆက်ဆံရေး ဖြေလျှော့လာခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရနှင့်ပုံမှန်ဆက်ဆံရေး တည်ဆောက်လာနိုင်ဖွယ်ရာ ရှိကြောင်း ICG က သုံးသပ်သွားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေသလို အတိုက်အခံအင်အားစုများ လက်မခံသည့်ကြားမှ အရပ်သားအစိုးရပေါ်ထွန်းလာရေး အကြောင်းပြပြီး ဝင်ရောက်ယှဥ်ပြိုင်မည့် ပါတီ ၅၀ ကျော်အထိ ရှိသည်။ ၎င်းတွင် တစ်နိုင်ငံလုံးတွင်ပါဝင်မည်ဟု ဆိုထားသည့် ပါတီက ၉ ခု ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဘက်မှ သိရသည်။