Home သတင်း ကေအဲန်ယူ ကော့ကရိတ်မြို့နယ် ဌာနပေါင်းစုံအတွက် နိုင်ငံရေးသင်တန်း ပြုလုပ်ပြီးစီး

ကေအဲန်ယူ ကော့ကရိတ်မြို့နယ် ဌာနပေါင်းစုံအတွက် နိုင်ငံရေးသင်တန်း ပြုလုပ်ပြီးစီး

603
Photo: KNU

ဇူလိုင် ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အတွင်းရှိ ဌာန‌ပေါင်းစုံ အတွက် အ‌ခြေခံ နိုင်ငံ‌ရေး ၇ ရက်ကြာ ရက်တိုသင်တန်းတစ်ရပ်ကို ဇူလိုင် ၁၇ ရက်နေ့တွင် ပြုလုပ်ပြီးစီး ခဲ့သည်ဟု ခရိုင်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သင်တန်းကို နိုင်ငံ‌ရေးတတ်သိပညာစွမ်းရည် မြှင့်ရန်နှင့် လုပ်ငန်းများ ပိုမိုစွမ်း‌ဆောင်နိုင်ရန် ရည်ရွယ်၍ ဇူလိုင် ၁၁ မှ ၁၇ ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူက ပြောသည်။

တစ်ပတ်ကြာ ပြုလုပ်ခဲ့သည့် သင်တန်းသို့ ခရိုင်အတွင်းရှိ အမြဲတမ်း ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ခံ ကိုယ်စားလှယ်များနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)၊ ကရင်အမျိုးသမီးအစည်းရုံး(KWO)နှင့် မဟာမိတ် အဖွဲ့အစည်းမှ လူငယ်များအပါအဝင် ကိုယ်စားလှယ် ၂၀ ကျော်တက်ရောက်ခဲ့ကြသည်။

သင်တန်းတက်ရောက်ခဲ့သူ လူငယ်တစ်ဦးက “အဓိကတော့ ကေအဲန်ယူရဲ့ အခြေခံလမ်းစဥ် လုပ်ငန်းစဥ်တွေ သင် တယ်။ ကျေးရွာအုပ်စုကနေ ဗဟိုအဆင့်ထိ ဖွဲ့စည်းပုံအဆင့်ဆင့် လုပ်ဆောင်ရမယ့် တာဝန်ထမ်းဆောင်မှု အပိုင်း တွေလည်း ပါတယ်။ ပြီးတော့ ကရင့်သမိုင်းကြောင်းတွေ နောက်ပြီး အခုအပြောင်းအလဲတွေ ဖြစ်နေတဲ့ အပေါ် KNU ရှေ့ဆက်သွားမယ့် ပုံစံတွေ သင်တန်းကနေ အများကြီး သိခဲ့လိုက်ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: KNU

သင်တန်းတွ ကေအဲန်ယူ၏ အုပ်ချုပ်ရေးဝန်ထမ်းများအတွက် လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုပြည့်စုံ အားကောင်းလာစေရန် သင်ကြားခဲ့သည့်အတွက် လက်တွေ့ပြန်အသုံးချရန် အထောက်အကူ ဖြစ်စေသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် သင်တန်း၌ ဌာနဆိုင်ရာကိစ္စရပ်များအပြင် ကရင်သမိုင်း၊ KNU ဖွဲ့စည်းပုံ အခြေခံ ဥပဒများ၊ လမ်းစဥ်၊ လုပ်ငန်းစဥ်နှင့် နည်းဥပဒေဆိုင်ရာများကို ‌ကေအဲန်ယူ၊ အမြဲတမ်း ကော်မတီဝင်များနှင့် မြို့နယ် တာဝန်ရှိသူတို့က သင်ကြားပေးခဲ့သည်။

အလားတူ ကေအဲန်ယူ(ဗဟို)က ယခုလို ဌာနပေါင်းစုံအတွက် နိုင်ငံရေးသင်တန်း ပို့ချမှုကို ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်တွင်လည်း ဇူလိုင် ၇ ရက်မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့သေးသည်ဟု သိရသည်။