Home သတင်း မဲဆောက် ရွှေ့ပြောင်းကျောင်းတစ်ခုမှ ကျောင်းဆရာတစ်ဦး လိင်အမြတ်ထုတ်မှုဖြင့် တိုင်ချက်ဖွင့်ခံရ

မဲဆောက် ရွှေ့ပြောင်းကျောင်းတစ်ခုမှ ကျောင်းဆရာတစ်ဦး လိင်အမြတ်ထုတ်မှုဖြင့် တိုင်ချက်ဖွင့်ခံရ

839
Photo: Social Media

ဇူလိုင် ၁၇ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းတစ်ခုမှ ကျောင်းဆရာတစ်ဦး လူငယ် ကျောင်းသားအချို့အပေါ် လိင်အမြတ်ထုတ်မှု ကျူးလွန်မှုဖြင့် တိုင်ချက်ဖွင့်ခံထားရသည်ဟု သိရှိရသည်။

ကျူးလွန်သူဟု စွပ်စွဲခံရသူ အသက် ၇၀ ကျော်အရွယ် ဦးဇော်ငြိမ်းလတ်ဆိုသူကို နစ်နာသူကျောင်းသားမိဘနှင့် ဆူဝမ်နမစ်ဖောင်ဒေးရှင်း၊ Migrant Education Coordination Center-MECC နှင့် အခြားထိုင်းအစိုးရ ဌာနဆိုင်ရာ တာဝန်ရှိသူများက မဲဆောက်မြို့ရဲ စခန်းတွင် တိုင်ချက်ဖွင့်ထားခြင်းဖြစ်သည်ဟု ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။

လတ်တလောတွင် ထိခိုက်နစ်နာသူများအတွက် တိုင်ချက်ဖွင့်ထားသလို မဲဆောက်မြို့မ ရဲစခန်းဘက်က အရေးယူ စစ်ဆေးမှုပြုလုပ်ပြီးမှာသာ သတင်းအတိအကျ ထုတ်ပြန်သွားမည်ဟု လိုက်ပါကူညီဆောင်ရွက်ပေးသူ တစ်ဦးက ပြောသည်။

၎င်းက “လောလောဆယ်တော့ ရဲဘက်ကလည်း တိတိကျကျမပြောသေးလို့ပါဗျ။ တကယ်လို့ သတင်း ထုတ်ပြန်ဖို့လို အပ်တဲ့အခြေအမျိုးဖြစ်လာရင်တော့ ကျနော် ဆက်သွယ်ပါ့မယ်ဗျ” ဟု ကေအိုင်စီသို့ ပြောသည်။

စွပ်စွဲခံရသူ ဦးဇော်ငြိမ်းလတ်သည် နိုင်ငံရေးအကျဥ်းသားဟောင်းလည်းဖြစ်သလို ၎င်းအလုပ်လုပ်ကိုင်သည့် သွေးသစ်ကျောင်း၌ General Educational Development (GED) ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများကို ဘာသာစုံ စာသင်ကြားပေးသူဖြစ်သည်ဟု သိရသည်။

သူသည် အသက် ၁၃ နှစ်မှ ၁၅ နှစ်အရွယ်ရှိသော ကျောင်းသားများကို ညအချိန်မတော်ခေါ်နှိပ်ခိုင်းခြင်း၊ သူနှင့် အတူ အိပ်ရန်စည်းရုံးခြင်း၊ သူ့အားလိင် အာသာဖြေရန် တိုက်တွန်းခြင်း စသည့်ဖြစ်စဥ်များရှိခဲ့ပြီး ယင်းဖြစ်စဥ်များ မကျူးလွန်ခင်တွင် ထိုကျောင်းဆရာသည် ကလေးငယ်များကို မုန့်ကျွေး၍သော်လည်းကောင်း၊ ပိုက်ဆံပေး၍ သော်လည်းကောင်း ဆွဲဆောင်စည်းရုံးမှုများရှိသည်ဟု ထိုင်းသတင်းမီဒီယာတစ်ခုဖြစ်သည့် ThairathNews က ဖော်ပြထားသည်။

ယင်းဖြစ်စဥ်များ ကျယ်ကျယ်လောင်လောင် အသံထွက်ပေါ်လာပြီးနောက် စွပ်စွဲခံရသူ ဦးဇော်ငြိမ်းလတ် စာ သင်ကြားသည့် သွေးသစ်ကျောင်းကလည်း ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကတည်းက ကျောင်း တာဝန်ထမ်းဆောင်ခြင်းမှ ဆိုင်းငံ့ထားပြီး ကျောင်းနှင့် မသက်ဆိုင်တော့ကြောင်း၊ ဆက်သွယ်ဖြေရှင်းလိုသော ကိစ္စရပ်များကို ကာယကံရှင်ထံ ဆက်သွယ်သင့်ကြောင်းဟု ထုတ်ပြန်ချက်ပေးထားသည်။

နစ်နာသော ကျောင်းသားများသည် ကျောင်းအုပ်ထံသို့ တိုင်ကြားသော်လည်း ထိရောက်သော အရေးယူ ဆောင်ရွက်ခြင်းများမရှိသောကြောင့် ကျောင်းသားများအကြား ကာလရှည်ကြာ တိတ်ဆိတ်နေခဲ့သည်ဟု ကျောင်းသားဟောင်းများဘက်က ဆိုသည်။

ထိုကိစ္စအပေါ် ကျောင်းဒါရိုက်တာဖြစ်သူ ဦးဇော်လွင်ဦးက “ လာတိုင်တဲ့သူမရှိတော့ ဘယ်တုန်းက ဖြစ်တယ်ဆိုတာက ကျနော်တို့ မသိရဘူး။ တိုင်တိုင်ချင်း ချက်ချင်းပဲ သက်ဆိုင်ရာ ကလေးအခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး အသင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဒီကိစ္စကို ဖြေရှင်းဖို့ ကျနော်စပြီးတော့ ဆက်သွယ်ခဲ့တယ်ပေါ့နော်။”ဟု ပြောသည်။

ထို့အပြင် စွပ်စွဲခံရသူ ကာယကံရှင်ကိုယ်တိုင်ကလည်း ဖြစ်စဥ်များအတွက် မှား၏ မှန်၏ မပြောလိုဘဲ သူ့ထံတိုက်ရိုက်ဆက်သွယ်မေးမြန်းကြရန် ယမန်နေ့ညက သူ၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားလာခဲ့သည်။

အကျပ်အတည်းရင်ဆိုင်နေရသော မြန်မာနိုင်ငံကို စွန့်ခွာပြီး မိဝေးဖဝေးနေရာတွင် ရောက်ရှိနေပြီး အကူအညီမဲ့ နေသော ရွှေ့ပြောင်းကလေးငယ်များအပေါ် ယခုလို ကျူးလွန်ခြင်းက ပြောစရာစကားမရှိတော့ကြောင်း မဲဆောက်အခြေစိုက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်းတစ်ခု၏ အမျိုးသမီးဝန်ထမ်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“အခက်အခဲဖြစ်နေတဲ့ အချိန်မှာ အခုလိုမျိုးဖြစ်နေတဲ့ကိစ္စ လူငယ်တွေအတွက် အားကိုးရာမဲ့တယ်။ အဖေလည်း မရှိဘူး။ အမေလည်း မရှိဘူး။ အဲ့ဒီအချိန်မှာ အားကိုးတဲ့ လက်တစုံက အခုလိုဖြစ်တယ်ဆိုတော့ ပြောစရာမရှိတော့ဘူး” ဟု ၎င်းက မှတ်ချက်ပြု ပြောသည်။

လတ်တလောတွင်မူ မဲဆောက်အာဏာပိုင်များသည် ရွှေ့ပြောင်း ကျောင်းဆရာ ၃၅ ဦးကျော်နှင့် ကျောင်းသူ/သား ၈၅၀ ကို ပညာသင်ကြားပေးနေသော ထိုကျောင်းကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းတွင်လည်း MECC နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ ကျောင်း၏ အခြေအနေကို သွားရောက်လေ့လာခဲ့သေးသည်ဟု သိရသည်။