ဇူလိုင် ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်၊ ကျုံဒိုးတွင် ၃ နှစ်နီးပါး တိုက်ပွဲများဖြစ်ပွားနေပြီး လေကြောင်းနှင့် လက်နက်ကြီး ရပ်ရွာများအတွင်း ပစ်ခတ်ခံရမှုများကြောင့် ဒေသခံများ မြို့ရွာများကို စွန့်ခွာ ပြောင်းရွှေ့အခြေချမှု များလာသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ကော့ကရိတ်-မြဝတီ အာရှလမ်းသစ် တိုက်ပွဲတွင် မြို့ပေါ်သို့ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်ခံရ၍ ကော့ကရိတ်မြို့ခံ ၁၀,၀၀၀ ကျော် နှင့် ကျုံဒိုးမြို့ပေါ်တွင်လည်း ပြည်သူ ၅,၀၀၀ ခန့် စစ်ရှောင်ခဲ့ရ သည်။
၎င်းတို့သည် ၃ နှစ် နီးပါး စစ်ရှောင်နေရချိန်တွင် သွားရောက်နေထိုင်ရာ ဖားအံ၊ မြဝတီ၊ သာမည၊ ဂျိုင်းရွာ၊ အိန္ဒု ဒေသများဘက်တို့၌ အခြေချနေထိုင်မှု ပိုများလာသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့် အမည်မဖော်လို သူ တစ်ဦးက ယခုလို ပြောသည်။
“စစ်ဖြစ်နေတာကကြာလာပြီလေ၊ အဲတော့အခုက ဖားအံ၊ သာမည၊ ရွေဖြူ၊ မနီကုန်းဘက် နေကြရင်းဆိုင်ဖွင့် အလုပ်လုပ်၊ ကျောင်းထား၊ အဲလိုမျိုး နေကြတာ များလာပြီ၊ ကော့ကရိတ် နဲ့ ကျုံဒိုးလည်းပြန်မနေကြဘူး။ ပြောင်းစရာ၊ ပြေးစရာမရှိတဲ့ သူတွေကတော့ ဆက်နေကြတာမျိုး ရှိတယ်။ အိမ် နဲ့ ခြံစောင့် ပြန် နေတာမျိုး ရှိ တယ်။ ရာဂဏန်း လောက်ပဲ၊ အများစုက နေရာရွှေ့ပြီး လုပ်ကိုင်စားသောက် ကြတယ်” ဟု ၎င်းက ပြောသည်။
ယခုလို နေရပ်ရွှေ့ပြောင်း အခြေချနေထိုင်သူများက ဖားအံ မြို့နယ်အပိုင် ဂျိုင်းကျေးရွာ၊ မနီကုန်း၊ရိုးမဟာ၊ ဒူရိန်၊ သာမည ကားလမ်းမဘေးနေရာတွင် ဈေးဆိုင် ဈေးတန်းများ၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်များ ဖွင့် လှစ် ရောင်းချနေထိုင်မှုများ လုပ်ကိုင်နေသည်ကို တွေ့ရသည်ဟု ခရီးသည်တင်ယာဉ်မောင်းများက ပြောသည်။
“ကော့ကရိတ်၊ ကျုံဒိုးကလူတွေ ဖားအံဘက်ဆင်း နေကြသလို မြဝတီဘက်တက် နေကြတာ ရှိတယ်။ အကုန်လုံး ပျက်စီးကုန်ပြီလေ မီးလောင်၊ အလုံးကြီးကျ၊ လေယာဉ်ဗုံးချဆိုတော့။ နေစရာ မရှိတော့ဘူး။ ကားဖြတ်မောင်း ရင်း ဂျိုင်း၊ ခရဲရွာကနေ သာမည-အိန္ဒုအထိ ကော့ကရိတ်၊ ကျုံဒိုးက လူတွေဘဲ စစ်ရှောင်ရင်း လမ်းဘေးမှာ ဆိုင်ဖွင့်ပြီး ဈေးရောင်းကြ၊ ခလေးတွေကို ကျောင်းပြောင်း ထားကြနဲ့ အခြေကျ ကုန်ပြီး” ဟု ၎င်းက ပြောသည်။
လတ်တလော ယခု ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ကော့ကရိတ်၊ ကျုံဒိုး လမ်းပိုင်းတိုက်ပွဲ အတွင်း စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု့ကြောင့် ရပ်ကွက် ကျေးရွာများရှိ သာသနိက အဆောက်အဦးများ၊ လူနေ အိမ်၊ စာသင်ကျောင်းနှင့် လမ်းတံတားများ ပျက်စီးမှုဆက်ရှိနေပြီး၊ အရပ်သား ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရမှု များလည်း ဆက်ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။



















