Home သတင်း တိုက်ပွဲကြောင့် တိတ်ဆိတ်သွားသော ဝေါလေမြို့ မြင်ကွင်းအချို့

တိုက်ပွဲကြောင့် တိတ်ဆိတ်သွားသော ဝေါလေမြို့ မြင်ကွင်းအချို့

575

(ဇူလိုင် ၇ ရက်၊ ၂၀၂၅ ခုနှစ် )

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖို့ဖရမြို့နယ်စပ်အနီးရှိ ဝေါလေမြိုင်မြို့နယ်တွင် ပြီးခဲ့သည့် ရက်သတ္တ ပတ်ကအတွင်း စတင်ဖြစ်ပွားခဲ့သော ဒေသခံတော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ကြောင့် စစ်ဘေးရှောင် ၃၀၀၀ ကျော်မှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အဆိုပါ ဒေသခံ စစ်ရှောင်အချို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်သူရှိသလို အချို့မှာ နယ်စပ်စည်းမျဉ်းအနီးနားဝန်းကျင်များတွင် စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် အဆင်ပြေသလို ခိုလှုံနေထိုင်လျက်ရှိသည်။

လတ်တလောတွင် စစ်ကောင်စီ ဝေါလေဗျူဟာကုန်းပေါ်မှတဆင့် ဝေါလေမြို့ထဲသို့ အဝေး ပစ်လက်နက်များဖြင့် ပစ်ခတ်နေပြီး တော်လှန်ရေးတပ်ဖွဲများဘက်ကလည်း ဒရုန်းများဖြင့် တိုက်ခိုက်နေလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

မြို့တွင်းသို့ စစ်ကောင်စီ၏ အမြောက်ဆံများ နေ့စဥ်လိုလို ကျရောက်ပေါက်ကွဲနေပြီး ညအချိန်တွင်လည်း စစ်ကောင်စီက လေယာဥ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် အဆောက်အဦးများထိခိုက်ပျက်စီးပြီး အရပ်သား ထိခိုက်ဒဏ်ရရှိသူများလည်းရှိသည်။

နောက်ဆုံးအခြေအနေအရ စစ်ဘေးရှောင်ပြည်သူ ၄၀၀ နီးပါးသည် နယ်ခြားမျဥ်းတဖက်ကမ်း ထိုင်းစစ်တပ်နေရာချပေးသော ခိုလှုံရေးနေရာများတွင် သွားရောက်နေထိုင်ကြသလို ထိုင်းနိုင်ငံသား ဈေးဆိုင်များနှင့် အိမ်များတွင်လည်း အခကြေးငွေပေးပြီး ခိုလှုံနေသည်သူများလည်းရှိသည်။

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဝေါလေဒေသတွင် ဒေသခံ ကရင်တိုင်းရင်းသားလူမျိုးများအပြင် တရုတ်ကာစီနိုနှင့် ဆောက်လုပ်ရေး၊ ကုန်ရောင်းကုန်ဝယ် လုပ်ကိုင်ကြသော ပြည်မမှ လူအများအပြားလည်း လာရောက်နေထိုင်လျက်ရှိသည်။