Home သတင်း ကော့ကရိတ်က စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ ပိတ်ပြီး ဖားအံတွင် တွဲဘက်ရုံး ပြန်ဖွင့်နေရ

ကော့ကရိတ်က စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ ပိတ်ပြီး ဖားအံတွင် တွဲဘက်ရုံး ပြန်ဖွင့်နေရ

836
Photo: CJ (ကော့ကရိတ်မြို့တွင်း တစ်နေရာ)

ဇူလိုင် ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ် မြို့တွင်းရှိ စစ်ကောင်စီ၊ ဌာနဆိုင်ရာရုံးအများစု ပိတ်ထားပြီး ဖားအံမြို့ရှိ စုပေါင်းရုံး၌ တွဲဘက်ရုံး ပြန်ဖွင့်နေရသည်ဟု အခြေအနေကိုသိထားသည့် မြို့တွင်းနေထိုင်နေသူ တစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့တွင်း စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းအချို့ ကော့ကရိတ် ရဲစခန်း၌ တွဲဘက် ရုံးထိုင်ပြီး ချိတ်ဆက်လုပ်ကိုင်နေသလို မြို့တွင်းတွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဖွင့်လှစ်ထားသည့်အတွက် ပညာရေးဝန်ထမ်းတချို့သာ ရှိပြီး ကျန်ဌာနများ ရုံးဖွင့်လှစ်ခြင်း မရှိတော့ဟု မြို့တွင်း အခြေအနေကို သိထားသူတစ်ဦးက ယခုလို ပြောသည်။

“ကော့ကရိတ်မှာရော ကျုံဒိုးမှာပါ သင်္ကြန်တွင်းမှာ တိုက်ပွဲတွေထပ်ပြန်ဖြစ် ကတည်းက ကော့ကရိတ်မှာ ရုံး ဝန်ထမ်းတွေ မရှိတော့ဘူး။ ဖားအံကနေ ရုံးဖွင့်နေကြတာ။ ရပ်ကွက်ထဲမှာ နေတဲ့ ဝန်ထမ်းကတော့ သူ့အိမ်ကနေ ရုံး အလုပ်လုပ်ပေးနေတာမျိုးတော့ နဲနဲကျန်တယ်။ တချို့ ဝန်ထမ်းတွေကတော့ အိမ်ငှားနေပြီး နယ်မြေသတင်း ပို့ပေးတဲ့အလုပ် လုပ်နေကြတာမျိုးဘဲ ရှိတယ်” ဟု ၎င်း သတင်းရင်းမြစ်က ပြောသည်။

Photo: CJ (ကော့ကရိတ်မြို့တွင်း တစ်နေရာ)

ထို့အပြင် ကော့ကရိတ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဖွင့်လှစ်ထားပြီး မြို့တွင်နေထိုင်သူ ဆရာ၊ ဆရာမများဖြင့် သင်ကြားပို့ချပေးလျက်ရှိကာ ကျောင်းတက်သူ ကျောင်းသူကျောင်းသားများ နည်းပါးသည်ဟု ကော့ကရိတ်မှ ဖားအံသို့ ရွှေ့ပြောင်းလာသူ ကျောင်းသားမိဘ တစ်ဦးက ယခုလို ပြောသည်။

“ကော့ကရိတ် ထ-၁ တစ်ကျောင်းဘဲ ဖွင့်တယ်၊ ကျောင်းတက်တဲ့ ကလေးသိပ့်မရှိဘူး။ စစ်ရှောင်နေကြတာ ဖားအံ၊ မော်လမြိုင်ဘက်မှာ ကျောင်းပြောင်းတက်တာ များတယ်။ ချောင်းသောင်တို့ ကွက်သစ်တို့က အထက ကျောင်းတွေလည်း မဖွင့်ဘူး” ဟု ၎င်းက ပြောသည်။

လက်တလောတွင် ကော့ကရိတ်မြို့ပေါ်တွင် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား အများစု ရပ်တန့်နေသလို စစ်ကောင်စီက မြို့တွင်းရှိ ဘုန်းကြီးကျောင်း၊ ဘုရားကုန်းနှင့် မြို့ဝင်မြို့ထွက်နေရာများတွင် တပ်စွဲထားကာ မြို့ တွင်းနေထိုင်သူများအား အသွားအလာကန့်သတ်ထားမှုများ ရှိနေသည်ဟု သတင်းရင်းမြစ်များ ထံမှ သိရသည်။