ဇူလိုင် ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းအတွင်း မြို့နယ်အသီးသီးရှိ စာသင်ကျောင်းများ၌ ကရင်စာသင်ကြားနေသည့် ဆရာ၊ ဆရာမ များ လစာထောက်ပံ့ငွေ မလုံလောက်၍ အလုပ်ရပ်နားကြသူများလာပြီး ကရင်စာသင်ကြားမှု သိသိသာသာ ကျဆင်း လာသည်ဟု သင်ကြားမှု ရပ်နားသွားသည့် ဆရာများက ပြောသည်။
အတန်းကျောင်းများတွင် ကရင်စာ သင်ကြားပေးသည့် ကရင်ဆရာ၊ဆရာမများ၏ လစာမှာ ၁၃၀,၀၀၀ ကျပ် သာရရှိကြပြီး ရပ်ဝေးသွားရောက်သင်ကြားရသူများအတွက် သွားလာစရိတ်နှင့် စားစရိတ်အတွက်ပင် မကာမိ ဘဲ မိသားစုကပါ ပြန်လည်ထောက်ပံ့ပေးနေရသောကြောင့် အလုပ်ထွက်ခဲ့ရကြောင်း ပုသိမ်ခရိုင်အတွင်း ၇ နှစ်နီးပါး သင်ကြားပေးခဲ့သူ နန့်ရှာဖောင်ဘွားက အခုလိုပြောသည်။
“သင်ရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျမတို့က တစ်လကို တစ်သိန်းသုံးသောင်းပဲရတာ။ ပြီးတော့ သူများ ရွာမှာ သွားသင်ပေးရတာ။ ကိုယ့်ပါကိုလည်း ချက်စားရတာ။ ကိုယ်ရတဲ့ လစာနဲ့က ဘယ်လိုမှ စားမ လောက်ဘူး။ ကိုယ့်အိမ်က အဖေ၊ အမေတွေက ကိုယ့်ကို ပြန်ပို့ပေးနေရတာ။ အဲ့ဒါကြောင့် ကျမထွက် လိုက်တာ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အစိုးရ အတန်းကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားရန် Teacher Assistant-TA နှင့် Language Teacher-LT ဆရာ၊ဆရာမများကို ခန့်အပ်ထားပြီး အစိုးရ ဆရာ၊ဆရာမများနည်းတူ အချိန်ပြည့် သင်ကြားမှု များပြုလုပ်ပေးနေရသော်လည်း ၎င်းတို့၏ လုပ်ခ လစာ နှုန်းထားမှာ မူလတန်ပြ ဆရာမတစ်ဦး၏ အခြေခံလစာ ၂၄၀,၀၀၀ ကျပ်ကိုပင်မရရှိကြကြောင်း သိရသည်။
“ကျမတို့က ကရင်စာတစ်ချိန်သင်ပေးတာနဲ့ မပြီးဘူး။ အတန်းကျောင်းစာကိုပါ ကူသင်ပေးရတယ်။ ပြီးတော့ အတန်းပိုင်ဆရာအနေနဲ့ပါ တာဝန်ယူရတယ်။ အတန်းပိုင် ကျတော့ တာဝန်တအား များတယ်။ အစိုးရ ဆရာမ တွေကျ တစ်နှစ်ကို လစာက ၃သောင်းတိုးပေးတယ်။ကျမတို့ကျ တခါမှ မတိုးပေးဘူး။ ပြောတာပဲရှိတယ်။ သင်ရတာလည်း အတူတူပဲ။ သွားရလာရတာလည်း အတူတူပဲ။ ရတာကျတော့ ဘားမှမဆိုင်ဘူးလေး။ မလောက် ငှကြတော့ တော်တော်များများ အလုပ်ထွက်ကြတာပေါ့။” ဟု နန့်ရှာဖောင်ဘွားက ဖြည့်စွက်ပြောသည်။
ယခုနှစ် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အစအတွင်းမှာပဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းရင်းသားဘာသာ သင် ကြားပေးသည့် TA ဆရာ၊ ဆရာမ (၄၀၀) ခန့်ရှိသည်ဟု ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။
စစ်အာဏာသိမ်းပိုင်းနောက်ပိုင်း နိုင်ငံတွင်း ပဋိပက္ခတိုးလာပြီး စီးပွားရေးကျဆင်းမှုများကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးသွားသလို ငွေကြေးတန်ဖိုး ကျဆင်းကာ ကုန်စျေးနှုန်းများ အဆမတန် တိုးမြှင့်လာမှု ကြောင့် အခြေခံပြည်သူများနှင့် ဝန်ထမ်းများမှာ ဝင်ငွေထွက်ငွေ မမျှသည့် အခက်အခဲများကြုံတွေ့ နေရသည်။
ယခုလို ကရင်စာသင်ကြားပေးသည့် ဆရာ၊ ဆရာမများ လျော့နည်းလာခြင်းကြောင့် ကရင်တိုင်းသား ကလေး ငယ်များအတွက် မိမိစာပေနှင့် ယဉ်ကျေးမှုသင်ယူရမည့် အခွင့်အရေးများ ဆုံးရှုံးသွားမည်ကို စိုးရိမ်မိကြောင်း အလုပ်ရပ်နားသွားကြသည့် ဆရာ၊ဆရာမ များက ဆိုသည်။
ကျောင်းတွင် ကရင်စာပေ သင်ကြားနိုင်ရေး အဓိက ဦးဆောင် စီစဉ်ပေးကြသည့် ဒေသအသီးသီးတွင် ဖွဲ့စည်း ထားသော ကရင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီများ၊ ကရင်နိုင်ငံရေးပါတီများအနေဖြင့်လည်း ယခုလို သင်ကြားရေး ထောက်ပံ့မှု အခက်အခဲများကို တာဝန်ယူ မဖြေရှင်းပေးနိုင်ကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက အစိုးရ ကျောင်းများတွင် ဆိုင်ရာ တိုင်းရင်းသားစာပေများကို မူလတန်းမှ ၂ တန်းအထိ ကျောင်းချိန်ပြင်ပတွင် သင်ကြားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက လွှတ်တော်အတွင်း ပြောဆို ခဲ့ရာမှ ကရင်စာပေများကို ၂၀၁၃ ခုနှစ်တွင် ပဲခူးတိုင်းရှိ ကျောင်းအချို့တွင် စတင် သင်ကြာခဲ့ခြင်းဖြစ်သည်။
ထိုမှတဆင့် ကရင်လူမျိုးအများစု ရှိရာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နှင့် မွန်ပြည်နယ်တို့တွင် တဖြည်းဖြည်း သင်ကြာမှုများ စတင်လာခဲ့ပြီး လက်ရှိကာလတွင် ကရင်စာသင်ရိုးညွှန်းတမ်းရေးဆွဲထားသည်မှာ Grade 3 အထိ ရှိသည်ဟု သိရသည်။
အလားတူ သင်ကြားရေး ထောက်ပံ့စရိတ် နည်းပါးသည့် ပြဿနာနည်းတူ အချို့သော ဒေသများတွင် ကျောင်းအုပ်ဆရာ၊ ဆရာမများက မြေပြင်တွင် လက်တွေ့သင်ကြားပေးနေခြင်းမရှိသည့် တိုင်းရင်းသားစာပေ သင် ဆရာ၊ဆရာမများ၏ အမည်စာရင်းများကို အသုံးပြုကာ ထောက်ပံ့ကြေးငွေများကို ထုတ်ယူသည့် ပြဿနာများလည်းရှိခဲ့ဖူးသည်။



















