Home သတင်း ဧရာဝတီတွင် ကရင်ပါတီများရွေးကောက်ပွဲ မနိုင်ဖူးခြင်းသည် အရှက်ရဖွယ်ဟု မန်းငြိမ်းမောင်ပြော

ဧရာဝတီတွင် ကရင်ပါတီများရွေးကောက်ပွဲ မနိုင်ဖူးခြင်းသည် အရှက်ရဖွယ်ဟု မန်းငြိမ်းမောင်ပြော

929
Photo: KPP

ဇူလိုင် ၂၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီ တိုင်းဒေသကြီးတွင် ကရင်လူမျိုးများ ထက်ဝက်ခန့် နေထိုင်သော်လည်း ပြီးခဲ့သည့် ရွေးကောက်ပွဲများ တွင် ကရင်ပါတီများ၊ ကရင်ခေါင်းဆောင်များ အရွေးမခံရခြင်းသည် အရှက်ရဖွယ်ကောင်းသည်ဟု စစ်ကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က ၎င်း၏ တစ်သီးပုဂ္ဂလအမြင်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မြို့နယ်ခန်းမ၌ ကရင့်ရိုးရာ ချည်ဖြူ ဖွဲ့ အခမ်းအနား၌ အမှာစကားပြောကြားစဉ် ၎င်းက ထိုသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ကရင်ပြည်သူ့ပါ တီ (KPP) က ထုတ်ပြန်ထားသည်။

“ဧရာဝတီတိုင်းမှာ ကရင်တွေ တစ်ဝက်လောက် ရှိတယ်။ တစ်ယောက်မှ အရွေးမခံရဘူး။ တစ်ယောက်မှ ခေါင်းဆောင် မရဘူး။ နိုင်ငံရေးစင်ပေါ် မတက်နိုင်ဘူး။ တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မှာလည်း ကရင် ခေါင်းဆောင် မတွေ့ခဲ့ရဘူး။ ဝမ်းနည်းဖို့ ကောင်းတယ်။ လူမျိုးတစ်မျိုးအနေနဲ့ ရှက်ဖို့ကောင်းတယ်။ ကျနော် သိပ်ရှက်တယ် ဝမ်းနည်းခံပြင်းတယ်” ဟု ၎င်းက ပြောဆိုသည်။

မန်းငြိမ်းမောင်သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မှီ ဇူလိုင် လတွင် ကေအဲန်ယူ ဗဟိုကော်မတီ ဝင် အဖြစ်မှ နုတ်ထွက်ပြီး ကရင်ပြည်သူ့ပါတီ-KPP ကိုယ်စားလှယ်အနေဖြင့် ဧရာဝတီ တိုင်းဒေသကြီး ပန်းတနော် မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရလဒ်အရ မဲအတန်အသင့် ရခဲ့သော်လည်း အနိုင်မရ ခဲ့သလို ထိုရွေးကောက်ပွဲတွင် မဲမသာမာမှုများရှိသည်ဟု ဆိုကာ ရလဒ်ကို စစ်ကောင်စီက ပယ်ဖျက်ခဲ့သည်။

Photo: KPP

“နိုင်ငံတော်ခေါင်းဆောင်တွေက အကြံပေးတယ်။ ခင်ဗျားတို့ ကေအဲန်ယူ ခေါင်းဆောင်တွေ တချို့ ကေအဲန်ယူ ထဲက ထွက်ပြီး ရွေးကောက်ပွဲဝင်ပါ။ ပြည်သူ့ လွှတ်တော်မှာ အရွေးခံရရင် ကိုယ့်အမျိုးသား တိုင်းရင်းသားတွေ အတွက် အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်တာပေါ့တဲ့။ ကျနော်ကေအဲန်ယူမှာ နှစ်ပေါင်း ၅၀ ဘဝကိုပေးဆပ် ခဲ့တယ်။ နိုင်ငံတော်ခေါင်းဆောင်တွေအကြံပေးမှုနဲ့ပဲ ကျနော်နုတ်ထွက်” ဟု မန်းငြိမ်းမောင်က ပြောသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းခဲ့ရာ မန်းငြိမ်းမောင်ကို ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် အထွေထွေရွေး ကောက်ပွဲများ ကျင်းပခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ကရင်ပြည်သူ့ပါတီနှင့် ကရင်အမျိုးသားပါတီတို့ ဝင်ပြိုင်ခဲ့ဖူးသော်လည်း အဓိက ပါတီကြီးများဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့နောက်တွင်သာ မဲရခဲ့ဖူးသည်။

သို့သော် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီကိုယ်စားပြု ဧရာဝတီတိုင်း ကရင် တိုင်းရင်းသားလူမျိုးကိုယ်စား လှယ်၊ ဒေါက်တာဆိုင်မွန်သာသည် ကနဦး ရလဒ်များအရ အနိုင်ရနေသော်လည်း ကြိုတင်မဲများထည့်ရေတွက် ချိန်တွင် ပြိုင်ဖက် ကြံ့ခိုင်ရေးပါတီကို ရလဒ်အနည်းငယ်ဖြင့် ရှုံးနိမ့်ခဲ့ဖူးသည်။