Home သတင်း အာဏာရှင်စနစ်ကို တိုက်ထုတ်နေသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

အာဏာရှင်စနစ်ကို တိုက်ထုတ်နေသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

402

ဇူလိုင် ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ထုတ်နေသည့် လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်း၊ ဒီမိုကရေစီအင်အားစုများ၊ အမျိုးသမီးနှင့်လူငယ်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားရန် ကေအဲန်ယူဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းလိုက်သည်။

ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်ပြည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ထိုသို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်သာမက နိုင်ငံအနှံ့တွင် အရပ်သားပြည်သူပစ်မှတ်ထားတိုက်ခိုက်နေသော စစ်ကောင်စီကို ဆန့်ကျင်သည့် KNDO အပါအဝင် ကရင်တော်လှန်ရေးတပ်ဖွဲ့ ရဲဘော်များအနေဖြင့် ကရင့်နိုင်ငံ ရေးရည်မှန်းချက်ကို ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ခြင်းမှ လက်တွေ့ကျကျ သွားရမည်ဖြစ်ကြောင်း ဥက္ကဋ္ဌက ဆိုထားသည်။

၎င်းတွင် တော်လှန်ရေးအဖွဲ့အစည်း၊ အင်အားစုများ၊ တက်ကြွလှုပ်ရှားသူများအပါအဝင် မီဒီယာများနှင့် ဖက်ဒရယ်တည်ဆောက်ရေးအားပေးသည့် နိုင်ငံတကာအစိုးရအဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက် ရမည်ဟု သဝဏ်လွှာအတွင်း တိုက်တွန်းထားခြင်းဖြစ်သည်။

ကရင့်နိုင်ငံရေးရည်မှန်းချက် အကောင်အထည်ဖော်နိုင်ရေးအတွက် ကရင့်တော်လှန်ရေး အဖွဲ့အ စည်းများသာမက မိမိကိုယ်ကို ကရင်ဟု သတ်မှတ်ထားသူတိုင်း တတ်နိုင်သည့်ဘက်က ပူးပေါင်း လုပ်ဆောင်ကြရန်ကိုပါ ကေအဲန်ယူဥက္ကဋ္ဌ က ဖိတ်ခေါ်သွားသည်။

ထို့အပြင် ကရင့်တော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်ကောင်စီ၏မတရားစစ်မှုထမ်းစေခိုင်းခြင်းမှ မိမိတို့ ထံလက်နက်ချ ပူးပေါင်းလိုသူများကို အဖွဲ့အစည်း၏မူဝါဒအရ လုပ်ဆောင်ရမည်ဖြစ်ပြီး ကေအဲန်ယူထိန်း ချုပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးအတွက် ကေအဲန်ယူဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်ဟု ဆိုထားသည်။

သို့ဖြင့်ပင် ပြည်သူကောင်းကျိုးလုပ်ဆောင်နိုင်မည့် ကော်သူးလေအစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင်ရေး အထောက်အကူပေးရာရောက်မည်။ ထို့အတူ ဖက်ဒရယ်စနစ်ကျင့်သုံးသည့် ဖက်ဒရယ်ပြည်ထောင်စုမှ လွတ်လပ်၍ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိသည့် ကရင့်နိုင်ငံရေးရည်မှန်းချက် ကော်သူးလေ တည် ထောင်နိုင်မည်ဖြစ်ကြောင်းလည်း သဝဏ်လွှာအတွင်း ဖော်ပြသည်။

မြန်မာပြည်လွတ်လပ်ရေးရပြီးကာလ ကရင့်အမျိုးသားလှုပ်ရှားမှုမှသည် လက်နက်ကိုင်တိုက်ပွဲအဆင့်သို့ ရောက်ရှိလာနိုင်ပြီး ဖြစ်ပေါ်လာနိုင်မည့်အန္တရာယ်များမှ ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ KNDO ကို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကေအဲန်ယူဗဟိုအလုပ်အမှုဆောင်တစ်ဦး ဖြစ်သည့် မန်းဘဇန်က ဦးဆောင်ဖွဲ့စည်းခဲ့သည်။

စတင်ဖွဲ့စည်းချိန်က အင်းစိန်၊ ပြည်၊ သာယာဝတီ၊ ဟံသာဝတီ၊ ဟင်္သာတ အစရှိသော မြစ်ဝကျွန်းပေါ်မှာသာမက မြန်မာပြည်တောင်ပိုင်း တောင်ငူ၊ ညောင်လေးပင်၊ သထုံနှင့် မြိတ်-ထားဝယ်စသည်တို့တွင်ပါ သတ်မှတ်ခရိုင်အလိုက် နယ်မြေခေါင်းဆောင်များခန့်အပ် တာဝန်ပေးနိုင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။