ဇူလိုင် ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူး (ညောင်လေးပင်)ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့ နယ်၊ တောကြောင်ပေါက်ရွာရှိ စစ်ရှောင်များခိုလှုံနေထိုင်ရာ ကျောင်းကို စစ်ကောင်စီက ဇူလိုင် ၅ ရက်နေ့ ညနေ ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားသည်ဟု လယ်ဒိုမြို့နယ် ပြောရေး ဆိုခွင့်ရှိသူ ပဒိုဝါးမူက အတည်ပြုပြောသည်။
အဆိုပါ ကျောင်း၌ နတ်သံကွင်းမြို့ တိုက်ပွဲ ဖြစ်ချိန်တွင် ထွက်ပြေးလာသည့် စစ်ရှောင်များ ခိုလှုံနေထိုင် နေခြင်း ဖြစ်ပြီး စစ်ကောင်စီက ဒရုန်းဗုန်း ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ နတ်သံကွင်း (၆) ရပ်ကွက်မှ စစ်ရှောင်နေထိုင်သူ ၄ ဦး ကနဦး သေဆုံးသွားခဲ့သည်။
ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခံရပြီး ကနဦး သေဆုံးသွားသူများမှာ ဦးမောင်သာစိန် (၆၅) နှစ်၊ ဒေါ်ကြည်မြင့် (၆၄) နှစ်၊ ဦးကျော်နိုင်ဝင်း (၃၅)နှစ်နှင့် မနန်းဦး (၃၀) နှစ်တို့ ဖြစ်ကြသည်။ ထိခိုက်ဒဏ်ရာရရှိသူများမှာ မဝင်းစိုး (၃၈) နှစ်၊ သူရီစေး (၃၀) နှစ်၊ စောဖါးပေ (၆) နှစ်၊ အမည်များစိစစ်ဆဲ တစ်ဦးနှင့် အသက် (၂) နှစ်အရွယ် ကလေးတစ်ဦး တို့ ဖြစ်သည်။ ထိုသို့ ဒဏ်ရာရရှိသူ ၂ ဦး ရရှိဒဏ်ရာများဖြင့် ထပ်မံ သေဆုံးခဲ့သည်ဟု ကေအဲန်ယူ၊ လယ်ဒိုမြို့နယ်ထံ မှ သိရသည်။
“နတ်သံကွင်းမှာ တိုက်ပွဲဖြစ်တဲ့ နောက်ပိုင်းလူထုတွေက အဲဒီမှာ လာရှောင်တာ နတ်သံကွင်းမပြန်ရဲတော့ သူများ အဲဒီ့ကျောင်းမှာ သွားထားလိုက်တာ မနေ့က ရန်သူဒရုန်းနဲ့ လာပစ်တော့ ၆ ယောက်သေဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိ သွားတယ်။ အဲဒီက စစ်ရှောင်တွေကို နောက်တစ်နေရာ ပြန်စီစဉ်ရတော့ သူတို့အတွက် အခက်အခဲ တော်တော် ဖြစ်သွားတာပေါ့” ဟု ပဒိုဝါးမူက ကေအိုင်စီသို့ ပြောသည်။
အလားတူပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း တောကြောင်ပေါက်ကျေးရွာရှိ ဘုရားကျောင်းကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ဘုရားကျောင်း၌ စာသင်နေသည့် ကျောင်းသူ ၂ ဦး နှင့် ဆရာမ တစ်ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သေးသည်။