Home တွေ့ဆုံမေးမြန်းခန်း “လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားစေတဲ့အထိ မဖြစ်ဖို့တော့ လိုတယ်။ အမြော်အမြင်ရှိရှိနဲ့ စဉ်းစားရမယ်။ စိတ်ရှည်သည်းခံမှုရှိရမယ်”

“လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားစေတဲ့အထိ မဖြစ်ဖို့တော့ လိုတယ်။ အမြော်အမြင်ရှိရှိနဲ့ စဉ်းစားရမယ်။ စိတ်ရှည်သည်းခံမှုရှိရမယ်”

577

“လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားစေတဲ့အထိ မဖြစ်ဖို့တော့ လိုတယ်။ အမြော်အမြင်ရှိရှိနဲ့ စဉ်းစားရမယ်။ စိတ်ရှည်သည်းခံမှုရှိရမယ်”

ကော်သူးလေအာမီ စစ်ဦးစီးချုပ် စောနယ်ဒါးမြနှင့် ဆက်သွယ်မေးမြန်းခြင်း။

ဇူလိုင်လ ၁၆ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ဘက်ဒေသအတွင်း စစ်ကောင်စီတပ်စခန်းများကို တိုက်ထုတ်သိမ်းပိုက်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ တိုက်ပွဲဝင် ရဲဘော်များအတွက် ထမင်းဟင်းချက်ပြုတ်ရာနေရာသို့ ကော်သူးလေအာမီ-KTLA အဖွဲ့ဝင်တချို့ ဝင်ရောက် မူးယစ်ရမ်းကားခဲ့သည့် ဇူလိုင်လ(၁၂)ရက်နေ့က ဖြစ်စဥ်နှင့်ဆက်စပ်ပြီး KTLA အဖွဲ့ဝင် ၂၀ ဦးကျော်ကို KNLA က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

KTLA အနေဖြင့် အဆိုပါ ဖြစ်စဥ်အပေါ် သိရှိထားမှု၊ ဖြစ်စဥ်အသေးစိတ်၊ ဖမ်းဆီးခံတပ်ဖွဲ့ဝင်များအတွက် KNLA နှင့် ညှိနှိုင်းဆောင်ရွက်ရန် ရှိမရှိနှင့် KTLA ၏ သဘောထားတို့ကို သိရှိနိုင်ရန် တပ်ဖွဲ့ စစ်ဦးစီးချုပ် စောနယ်ဒါးမြနှင့် ကေအိုင်စီက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ KTLA အနေနဲ့အဖွဲ့ဝင်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ဖြစ်စဥ်အသေးစိတ်အပေါ် ဘယ်လိုသိရှိထားပါသလဲ။
ဖြေ။ ဖြစ်စဉ်အသေးစိတ်တော့ ကျနော် မသိရသေးဘူးပေါ့နော်။ သူတို့ပြောတာက ကျနော်တို့ လူတွေ အရက်မူးပြီး သူများကြက်ဥကို သွားယူစားတယ်ပေါ့။ အဲဒီမှာ သူတို့ ၄ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီလေးယောက်ကို အရက်မူးလို့ မလုပ်သင့်တဲ့ဟာကို လုပ်တဲ့အတွက် ဖမ်းဆီးလိုက်တာ ကျနော်တို့ နားလည်ပေးပါတယ်။ ဒါပေမယ့် ဗိုလ်စောကော်ကညောကျတော့ သူ့စခန်းမှာပဲ လာရောက်ဖမ်းဆီး သွားတာဖြစ်ပါတယ်။ ကြားရတာက သူတို့ ဝိုင်းပြီးတော့ လက်နက်ချခိုင်းတယ်ပေါ့။ လက်နက်မချရင် အကုန်ပစ်သတ်မယ်ပေါ့။ အဲဒါတွေ ကြားရတော့ ကျနော်တို့လည်း စိတ်မကောင်းဘူးပေါ့။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကရင်အချင်းချင်းတွေပါပဲ။ အရင်က သူတို့တွေက အတူတူ အလုပ်တွဲလုပ်ခဲ့သူတွေပါပဲ။ ဒီအပေါ်မှာ အခြေခံပြီးတော့ ဒီရက်ပိုင်းမှာ သူတို့ လွှတ်ပေးမယ်လို့ ယူဆခဲ့တယ်။ ဒါပေမယ့် ကျနော်တို့လူတွေကို ဖမ်းဆီးတာ ကျနော်တို့ကိုလည်း ဘာမှအသိပေး လာတာလည်းမရှိဘူး။ ဘာတွေ လုပ်သွားသလဲ အသိပေးတာမရှိဘူး။ ကျနော်တို့ကို အသိပေးလာ မယ်ဆိုရင် ဒီကဘယ်လို အပြစ်ပေး အရေးယူဆောင်ရွက်တာတွေ လုပ်ရမလဲ၊ အဲဒီ လူ ၄ ယောက် အရက်မူးပြီးတော့ သူများ ကြက်ဥကို သွားယူစားတယ်။ သေနတ်ပစ်ဖောက်တယ်လို့ ပြောတယ်။ ဒါကိုတော့ အမှန်တကယ်ဖြစ်ခဲ့ရင် သင့်တော်တဲ့ အပြစ်ကို ကျနော်တို့ပေးလို့ရတယ်။ ကျနော်တို့ကို အသိပေးလာမယ်ဆိုရင် ကောင်းတယ်ပေါ့။

ကျနော်တို့လည်း အဖွဲ့အစည်းတစ်ခုအနေနဲ့ တည်ရှိနေတဲ့အတွက်ပေါ့။ ဒါကိုတော့ ကျနော်တို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပိုမို နားလည်ဖို့ပေါ့နော်။ အခုက အဖွဲ့လိုက် လာဖမ်းသွားတယ်။ ကျနော်တို့နေရာမှာ လာဖမ်း သွားတာဖြစ်တယ်လို့ သိရတယ်။ လက်နက်မချရင် ပစ်သတ်မယ်ဆိုတဲ့အခါကျတော့ ဒါက ရှေ့ဆက် အနာဂတ် ပူးပေါင်းလုပ်ဆောင်မှုအတွက် မကောင်းဘူးပေါ့။ ဘယ်လိုပဲဖြစ်စေ ကျနော်တို့ကို အကြောင်းကြားသင့်တယ်။ အခုက ဘာမှအကြောင်းမကြားဘူး။ ကျနော့်ဆီကို ဘယ်သူမှ ဖုန်း ဆက်မလာဘူး။ အဖြစ်အပျက်နဲ့ပတ်သက်ပြီး ဟိုဟိုဒီဒီ လိုက်နားစွင့်နေရတယ်။

မေး။ ကရင့်လက်နက်ကိုင်အဖွဲ့အချင်းချင်း ဒီလိုကိစ္စမျိုးဖြစ်လာတဲ့အပေါ် KTLA အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ။ ကျနော်တို့ ကရင်အချင်းချင်း ရန်သူကို အတူတကွ ပူးပေါင်းတိုက်ခိုက်တာ ကရင်လူမျိုးအတွက် စည်းလုံးညီညွတ်မှုတစ်ရပ်လို့ပဲ ထင်ပါတယ်။ ဒါပေမယ့် သူတို့ EC စာထုတ်ပြီးတဲ့နောက်ပိုင်းမှာ သူများ တွေ ဒီလိုမြင်တဲ့အပေါ်မှာ ကိုယ့်လူတွေကို ကိုယ့်နေရာနဲ့ကိုယ် နေဖို့ပေါ့။ မိမိနေရာ မိမိနေပေါ့။ သူများကို သွားပြီး အနှောင့်အယှက်မပေးဖို့။ အဲဒီအဖွဲ့ကလည်း မကြာခင်မှာ ပြန်လာဖို့ စဉ်းစားနေတုန်းမှာပဲ အခုလို သူများ လာဖမ်းဆီးသွားပြီး နောက်တစ်နေရာကို ထပ်ပို့လိုက်တယ်လို့ ကြားတယ်။

အဲဒါကြောင့် ပြည်သူလူထုတွေကို သိစေချင်တာက ဘယ်လို အလုပ်မဆို လုပ်တဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆက်သွယ်ရမယ်ပေါ့၊ ဘယ်လို လုပ်ရမလဲဆိုတာပေါ့လေ။ အဲဒီလူ ၄ ယောက်က အပြစ်ခံယူရမယ်ဆိုရင် ကျနော်တို့ မပြောလိုပါဘူး။ ကျန်တဲ့သူတွေကိုတော့ ကျနော်တို့နဲ့ ညှိနှိုင်းတိုင်ပင်လို့ရတယ်ပေါ့။ လူကြီးတွေ ဆိုရိုးစကားရှိတယ်လေ ကြီးတဲ့အမှုက ငယ်စေ၊ ငယ်တဲ့အမှုက ပျောက်စေရှိတယ်လေ။ ဒါပေမယ့် သူတို့ရဲ့ စိတ်နေသဘောထားက မသိဘူးပေါ့လေ ။ အခုထိ ကျနော်တို့ကို အသိပေးလာတာမရှိသေးဘူး။

မေး။ ။ အဖမ်းခံရတဲ့သူတွေကို အောက်ဘက်ကို ပို့ဆောင်သွားတယ်လို့ ပြောတယ်ပေါ့နော်။ ဘယ်နေရာမှာ ပို့ဆောင်သွားပါသလဲ။
ဖြေ။ သူတို့ ဖမ်းတာက အူးဖိုးထမှာ ဖမ်းဆီးသွားတယ်။ အခု ကျနော်တို့ သတင်းရတာ တာအုဖိုးခီးဘက်ကို ပို့လိုက်ပါတယ်။ ဗိုလ်မူးဂေ နေတဲ့ဖက်မှာရှိတယ်လို့ ထင်တယ်။

မေး။ ။ လူဦးရေ အတိအကျ အတည်ပြုပေးနိုင်မလား။
ဖြေ။ စုစုပေါင်း လူဦးရေက ၃၀ နီးပါးလောက်ရှိတယ်။ အတိအကျတော့ မသိရသေးဘူး။ အချို့က ၂၀ ကျော် ပြောတယ်။ အချို့က ၃၂ ယောက်လို့ ပြောတယ်။ ပြီးတော့ နားမလည်တာတစ်ခုက KTLA နဲ့ အလုပ်အတူတူလုပ်တဲ့ ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲဒါ သူတို့ ဘယ်လိုစဉ်းစားလဲ တော့မသိဘူး။ ကျနော်တို့ကတော့ ကိုယ့်ပြည်သူအပေါ်မှာ စိတ်ထားဖြောင့်ဖြောင့်ပဲ ထားပါတယ်။ ကျနော်တို့ လွတ်လပ်ရေးရဖို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ နားလည်မှု ပိုမိုတည်ဆောက်ယူရမယ်။ ချိတ် ဆက်ရမယ်။ ဒါပေမယ့် KTLA ကို ကူညီတဲ့ ရွာသားတွေကိုလည်း တားမြစ်တာ၊ ဖမ်းဆီးတာ တွေရှိ တယ်လေ။ အဲဒါကြောင့် ဒီလို စိတ်မျိုးထားရင် မကောင်းဘူးပေါ့လေ။

မေး။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KTLA ဘက်က တာဝန်ရှိသူတွေနဲ့ ဘယ်လို ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ဖို့ရှိမလဲ ပြောပြပေးပါ။
ဖြေ။ ကျနော်တို့ဘက်က စာရေးတင်ရမယ်။ ကျနော်တို့လူတွေကို ပြန်လွှတ်ပေးဖို့ပေါ့။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှု ပေးရမယ်။ သူများလူကို ကျနော်တို့ သွားဖမ်းတာမဟုတ်ဘူး။ ကိုယ့်လူတွေကို သူများ ဖမ်းသွားတာဖြစ်တဲ့အတွက် ကျနော်တို့ ပြန်တောင်းယူရမယ်။ စာနဲ့ပေနဲ့ တင်ရမှာပေါ့။ သူတို့ဘက်က ဘယ်လိုလုပ်ပေးမလဲဆိုတာက သူတို့အပေါ်မှာပဲ မူတည်ပါတယ်။

မေး။ ဒီဖြစ်စဉ်ကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ တင်းမာမှုတွေ ကြီးကြီးမားမားဖြစ်ပေါ်နိုင်မလား။
ဖြေ။ တင်းမာမှုတော့ မဖြစ်လာနိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ကရင်အမျိုး သားစည်းလုံးညီညွတ်ရေးအတွက် မကောင်းဘူးပေါ့။ ကျနော်တို့ကတော့ ကျနော်တို့ နေရာမှာပဲ နေနေတယ်။ သူတို့က လာမလုပ်ရင် တင်းမာမှု ဘယ်ဖြစ်လာနိုင်မလဲ။ ဖြစ်ချင်တာက တစ်ယောက်နဲ့ တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ ကြီးတဲ့အရာက ငယ်စေ၊ ငယ်တဲ့အရာ ပျောက်စေ လုပ်စေ ချင်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခအထိ ဖြစ်လာရင် ဖြေရှင်းဖို့ သိပ်မလွယ်တော့ဘူး။ သွေးထွက် သံယိုမှုတွေဖြစ်ပေါ်လာမယ်။ ဒါတွေနဲ့ပတ်သက်ပြီး ခေါင်းဆောင်လုပ်တဲ့ ဘယ်အဖွဲ့မဆို စဉ်းစားတွေးခေါ်ရမယ်။ နားလည်မှုလွဲနေသော်လည်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားစေတဲ့အထိ မဖြစ်ဖို့တော့လိုတယ်။ အမြော်အမြင်ရှိရှိနဲ့ စဉ်းစားရမယ်။ စိတ်ရှည်သည်းခံမှုရှိရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဖက်ထိရင် ကျနော်တို့ ကရင်အမျိုးသားတွေပဲ။ ဒီက ထိရင်လည်း ကျနော်တို့ ကရင်အမျိုးသားတွေပါပဲ။ ဒါကို ရန်သူက ဝမ်းသာလိမ့်မယ်။ ရန်သူ့ကို ဝမ်းသာအောင်မလုပ်စေချင်ရင် ကျနော်တို့ ကရင်အမျိုးသားအချင်းချင်းကြားမှာ သွေးထွက်သံယိုဖြစ်စေမယ့် အရာကို မလုပ်ပါစေနဲ့။

မေး။။ မြေပြင်သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်တွေမှာ အဲဒီနယ်မှာရှိတဲ့ KTLA တပ်ဖွဲ့အချို့ ရမ်းကားတာတွေရှိတယ်ဆိုပြီး ပြောကြတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဗိုလ်ချုပ်အနေနဲ့ ဘယ်လို ပြောချင်ပါသလဲ။ သိထားတာ ဘာများရှိမလဲပေါ့နော်။
ဖြေ ။။ ဒါတွေကတော့ မရှိပါဘူး။ KTLA ကို အမြင်မကြည်လို့ KTLA နာမည်ပျက်အောင် ပုံရိပ်ကျအောင် အမျိုးမျိုးလိုက်ပြောတာရှိတယ်။ ရဲဘော်တွေကတော့ ဘယ်မှာပဲနေနေ အရက်သေစာ သောက်သုံး တာကတော့ရှိမှာပဲ။ နားလည်ပေးရမယ်။ တဖြည်းဖြည်းချင်း လုပ်ရမယ်။ အဖွဲ့အား လုံးပဲ အဲလိုတွေ့ရတယ်။ ဆေးသုံးတာ၊ အရက်သောက်တာတော့ ရှိပါတယ်။

ကျနော်တို့ ထိန်းကျောင်းပေးရမယ်။ အတူတကွ ပြုပြင်ပေးရမယ်ပေါ့။ အဲဒါမှ အပြန်အလှန်နားလည်မှုရှိလာမယ်။ သူများ အပြစ်ကိုပဲ လိုက်ရှာမယ်ဆိုရင် ဟိုအဖွဲ့က အရက်သောက်တယ်၊ ဟိုအဖွဲ့က ဆေးသုံးတယ်။ အဲလိုတွေ အများကြီးရှိတယ်။ မူးယစ်ဆေးကို ရောင်းဝယ်တဲ့အလုပ်ကို ဘယ်သူလုပ် နေလဲဆိုတာ ဒီဆေးက ဘယ်ကနေလာသလဲဆိုတာ ပြည်သူလူထုက သိမယ်လို့ ထင်ပါတယ်။

မေး။ နောက်ဆုံး ဘာများ ဖြည့်စွက်ပြောလိုပါသေးလဲ။
ဖြေ။ ဘယ်အဖွဲ့မဆို အမြော်အမြင်ရှိပါ။ ကျနော်တို့ ကရင်အမျိုးသားတွေ သွေးထွက်သံယိုမှုဖြစ် စေမယ့်အရာကို မလုပ်ခင်မှာ သေချာစဉ်းစားပါ။ ပဋိပက္ခရှိလာပြီဆိုရင် ကျနော်တို့ ကရင်အမျိုး သားအတွက် မကောင်းဘူးဆိုတာ ကိုယ့်အတွေးထဲမှာရှိရမယ်။ ကျနော်တို့မှာ လူအင်အားတောင့် တင်းတယ်၊ လက်နက်ကောင်းတယ်။ လိုက်ပြီး အနိုင်ကျင့်မယ်ဆိုတဲ့ဟာကို မလုပ်ပါစေနဲ့။ မကောင်း ပါဘူး။