Home သတင်း မာနယ်ပလောဒေသ စစ်ဆင်ရေးဦးဆောင်သူ တပ်မှူး ၂ ဦး ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခံရ

မာနယ်ပလောဒေသ စစ်ဆင်ရေးဦးဆောင်သူ တပ်မှူး ၂ ဦး ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခံရ

493
Photo: KNU

ဇူလိုင်လ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဌာနချုပ်ဟောင်း မာနယ်ပလော၌ နှစ်(၃၀)ကြာ တပ်စွဲထားသော ဗျူဟာစခန်းအဆင့် ပွိုင့်(၉၁၃) အကြမ်းဖက် စ်‌ကောင်စီစခန်း ကို ပြန်လည်ရရှိရန် ဦးဆောင်သူ တပ်မှူး (၂) ဦးအား ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခံရသည်ဟု ယနေ့ ကေအဲန်ယူက ထုတ်ပြန်ချက် အရသိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ဌာနချုပ်- ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးစောခင်လေးနှင့် တပ်မဟာ-၇၊ တပ်ရင်း(၂၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောတင်မြင့် ထူးတို့ နှစ်ဦးသည် မာနယ်ပလောဒေသ ပြန်လည်ရရှိရန် စနစ်တကျစီမံ၍ အောင်ပွဲနှင့်အတူ စစ်ဆင်ရေးကို ဦးဆောင်အကောင်အထည်ဖော်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ဇူလိုင်လ (၅) ရက်နေ့ ကရင်အမျိုးသားတပ်မတော်နေ့က ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ်အား ချီးမြှင့်ဂုဏ်ပြုခြင်းဖြစ်သည်။

တပ်ရင်း(၂၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောတင်မြင့်ထူးက “မာနယ်ပလောကို ပြန်လည်ရရှိတာ ကျနော်တို့တစ်ဦးတစ်ယောက်ထဲလုပ်တဲ့ အရာမဟုတ်ပါဘူး။ အားလုံးပါဝင်တဲ့ အလုပ်ဖြစ်ပါတယ်။ ဒီအပေါ်မှာ အထက်ကလူကြီးတွေကနေပြီးတော့ သင့်တော်တဲ့ အသိအမှတ်ပြုမှုတစ်ခုအနေနဲ့ ဒီဆုတံဆိပ်ကို ပေးတာလို့ပဲ ခံယူမိပါတယ်။ ကျနော့်အနေနဲ့ကတော့ ရန်သူကို တော်လှန်လိုတဲ့ စိတ် ဓာတ်က ဒီဆုတံဆိပ်မရခင်ကတည်း ရှိပြီးသားပါ။ ကျနော်တို့က စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် ဒီတော်လှန်ရေးထဲဝင်လာကတည်းက တိုင်းပြည်နဲ့လူမျိုးအတွက်ကိုပဲ လုပ်မယ်ဆိုတဲ့ သစ္စာဆိုခဲ့ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် စစ်သားတစ်ယောက်အနေနဲ့ ကိုယ့်လူမျိုးအဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့က ကျနော်တို့ တာဝန်ဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: KNU

ထို့အပြင် မာနယ်ပလောဒေသရရှိရေးစစ်ဆင်ရေးတွင် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသော အောင်ပွဲရ စစ်သည်တော်များကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဌာနချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်သည့် မာနယ်ပလောနယ်မြေရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၉၁၃ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားများကာကွယ်ရေးတပ်-KNDO နှင့် ပူးပေါင်းတပ်များမှ ဒီဇင် ဘာလ(၁၆)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ရရှိပြီးဖြစ်သည်။

KNU မှ ခွဲထွက်သည့် DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်) ၏ အကူအညီဖြင့် နဝတ က ၁၉၉၅ ဇန်နဝါရီလကုန်ပိုင်းတွင် မာနယ်ပလောဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။