Home သတင်း ဖားအံနှင့် မြဝတီမြို့တွင် ကြံ့ဖွံ့ ပါတီ လူထုလှုပ်ရှားမှုများ စတင်လာ

ဖားအံနှင့် မြဝတီမြို့တွင် ကြံ့ဖွံ့ ပါတီ လူထုလှုပ်ရှားမှုများ စတင်လာ

492
Photo: USDP

ဇူလိုင် ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဖားအံ နှင့် မြဝတီမြို့ပေါ်တို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ လူထုလှုပ်ရှားမှုများ စတင် လုပ်ဆောင်မှုများရှိလာသည်ဟု ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူနှင့် မြို့ခံတို့က ပြောသည်။

ကြံ့ဖွံ့ ပါတီက ဇူလိုင် လဆန်းပိုင်းမှစ၍ မြဝတီနှင့် ဖားအံမြို့တွင် ပါတီအမာခံများ ပါတီစည်းရုံးရေး လုပ်ဆောင်မှု များရှိနေသလို စစ်ကောင်စီ ဌာနဆိုင်ရာများနှင့် ပေါင်း၍ ပါတီဝင်အင်အား စုဆောင်းခြင်းများလည်း ရှိနေသည် ဟု မြဝတီမြို့ခံတစ်ဦးက ယခုလို ပြောသည်။

“မြဝတီမှာ ဇူလိုင် ၅ ရက်နေ့ စစ်ကောင်စီ ဌာနဆိုင်ရာက ဘုရား သန့်ရှင်းရေး၊ လမ်းမ သန့်ရှင်းရေး တွေစလုပ် တယ်။ ကြံ့ဖွံ့ ပါတီ ခရိုင်ခေါင်ဆောင် အောင်မျိုးထွန်းနဲ့ ပါတီလူငယ် တော်တော်များများ လူလုံးပြထွက်လာကြ တယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ဖားအံမြို့တွင်လည်း ကြံ့ဖွံ့ပါတီ ဝင်များ နေ့စဉ်နီးပါး အစည်းအဝေးများ ပြုလုပ်နေပြီး ပါတီ ရွေးကောက် ပွဲဝင်ရေးနှင့် ရပ်/ကျေး ပါတီဝင်များ လူပြန်စုရန် လုပ်ဆောင်နေသည်ဟု ကြံဖွံ့ ပါတီနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ ထိမ်းချုပ်ထားသည့် ဒေသရှိ မြို့ရွာများတွင် ရွေးကောက်ပွဲ ပြုလုပ် ရန် ပြင်ဆင်သည့်အနေဖြင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို မဲထည့်စက် သင်တန်း ဖားအံမြို့ ပြည်နယ်ခန်းမ၌ သင်တန်းပေးမှုများ ပြုလုပ်လျက်ရှိသည်။ သို့သော် စစ်ရေးတင်းမာနေသည့် ဒေသရှိ မြို့နယ်၊ ကျေးရွာများတွင် မဲရုံ ဖွင့်လှစ်ရွေးကောက်ပွဲ လုပ်ရန် မဖြစ်နိုင် ကြောင်း အမည်မဖော်လိုသူ ကြံ့ဖွံ့ပါတီဝင်ဟောင်း တစ်ဦးက ပြောသည်။

“ကရင်မှာ ရွေးကောက်ပွဲ က ဖားအံ၊ လှိုင်းဘွဲကတော့ စကစ ထိမ်းနိုင်တဲ့နေရာဆိုတော့ မဲရုံရနိုင်တယ်၊ သံတောင်၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ မြဝတီ၊ ကော့ကရိတ်ကတော့ စကစဌာနဆိုင်ရာနဲ့ ကြံ့ခိုင်ရေးပါတီ လောက်ဘဲ ဟန်ပြ မဲရုံတော့ ဖြစ်အောင်လုပ်မယ့် သဘောရှိတယ်၊ ဒါပေမယ့်မသေခြာဘူး။ စစ်တပ်နဲ့ ပေါင်းတဲ့ လက်နက်ကိုင်တွေ ဝိုင်းလုပ် ပေးမယ်ဆိုရင်တော့ တစ်မျိုး ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

လာမည့် ၂၀၂၅ နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ နှစ်ဆန်းပိုင်း တွင် စစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ထပ်တလဲလဲ ပြောဆိုကာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

Photo: USDP

လက်ရှိ ကရင်ပြည်နယ်တွင် မြို့နယ် ၇ ခု ရှိသည့်အနက် မြို့နယ် ၇ ခုစလုံးတွင် စစ်ကောင်စီနှင့် တော်လှန်ရေး တပ်များ စစ်ရေးတင်မားနေသလို တချို့နေရာများတွင် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။