Home သတင်း ကေအဲန်ယူ၏ တပ်ဖွဲ့ဝင်များအား ပဋိပက္ခအတွင်း လူထုအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးမှု သင်တန်းပြုလုပ်ပေးခဲ့

ကေအဲန်ယူ၏ တပ်ဖွဲ့ဝင်များအား ပဋိပက္ခအတွင်း လူထုအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးမှု သင်တန်းပြုလုပ်ပေးခဲ့

548
Photo: KNLA

ဇူလိုင် ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်လူ့အခွင့်အရေးအဖွဲ့ – KHRG ၏ တာဝန်ရှိသူများ၏ ဦးဆောင်မှုဖြင့် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ တပ်ဖက်နှင့် ရဲတပ်ဖွဲ့၀င်များအား ပဋိပက္ခအတွင်း လူထုများကို အကာအကွယ်ပေးရေးဆိုင်ရာ အသိ ပညာပေးမှု နှစ်ရက်ကြာ ရက်တိုသင်တန်းတစ်ခုကို ဇူလိုင်လ ၂၃ရက်နေ့က ဖားအံခရိုင် တစ်နေရာတွင် ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ခရိုင်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်ဖွဲ့ဝင် (၂၀)ဦးနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ -KNPF တပ်ဖွဲ့ဝင် (၅)ဦး အပါအဝင် စုစု‌ပေါင်း ၂၅ဦးကို ဇူလိုင် ၂၂ရက်မှ ၂၃ရက်နေ့အထိ သင်တန်းပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ဂျီနီဗာသဘောတူစာချုပ်တို့ အပေါ်အခြေခံ၍ လူ့အခွင့်အရေးဆိုင်ရာ အခြေခံအသိပညာများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ ၊ အရပ်သား ပြည်သူများကို ပိုမို‌ကောင်းမွန်သည့် ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများအတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သင်တန်း တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေသိဖို့ ပြီးတော့ သူတို့အနေနဲ့ ကွင်းဆင်း တဲ့အခါမှာလည်း ကျေးရွာလူထုတွေအတွက်အပြင် စစ်သားတွေမှာ သိသင့်သိထိုက်တဲ့ အကြောင်း အရာ တွေကို သိရှိနားလည်ထားစေဖို့။ အဓိကက ဂျီနီဗာ ကွန်ဂရက်မှာ ကောက်နုတ်ထားတဲ့ စည်းမျဥ်း စည်းကမ်းတွေထဲက ရှောင်ရန် ဆောင်ရန်တွေပေါ့နော်။ ကိုယ်တာဝန်ယူဆောင်ရွက်တဲ့နေရာမှာ တရား ဥပဒေမဲ့တွေ မဖြစ်ပွားစေဖို့ပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

၂ ရက်ကြာ ပြုလုပ်ခဲ့သည့် သင်တန်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်‌ပေးမှုနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များကို ‌ဆွေး‌နွေးပို့ချမှုများ ပြုလုပ်ခဲ့သည်ဟု သင်တန်းတက်ရောက်ခဲ့သူများထံမှ သိရသည်။

“သင်တန်းမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး စစ်သားတွေအနေနဲ့ စစ်ပွဲအတွင်းရော ပြင်ပမှာရော ရန်သူနဲ့ထိတွေ့တဲ့အခါ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ကျင့်သုံးလိုက်နာရမယ့် ကျင့်ဝတ်တွေ စည်းမျဥ်းစည်းကမ်းတွေ ပြီးတော့ ကလေးစစ်သားအရေးနဲ့ ပတ်သက်တာတွေ တခြားမလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်လာဖို့ အသိပညာပေးမှုတွေ ပါတယ်” ဟု သင်တန်းသား တစ်ဦးက ပြောသည်။

ယခုကဲ့သို့ သင်တန်းပြုလုပ်နိုင်ခြင်းအ‌ပေါ် ‌ရှေ့ဆက် ပြည်သူများ၏ ယုံကြည်မှု ပိုမိုရရှိမည်ဖြစ်သလို ဥပ‌ဒေစိုးမိုး‌ရေးအတွက် လုပ်‌ဆောင်ရာ၌လည်း များစွာ အ‌ထောက်အကူပြုမည်ဟု ‌မျှော်လင့်‌ကြောင့် ၎င်းသင်တန်းသားက ဖြည့်စွက်ပြောသည်။

ဆွစ်ဇလန်နိုင်ငံ အ‌ခြေစိုက် ကုလသမဂ္ဂမှ ဖွဲ့စည်းထား‌သော Geneva Call အဖွဲ့အနေဖြင့် ဂျီနီဗာသ ဘောတူစာချုပ်အရ လက်နက်ကိုင် ပဋိပက္ခအတွင်း လူထုကို အကာအကွယ်ပေးသည့် စစ်ပွဲဆိုင်ရာ စည်းမျဉ်းများအပြင် နိုင်ငံတကာ စံညွှန်းနှင့်အညီ မြေမြှုပ်မိုင်း၊ ကလေးစစ်သားအသုံးမပြုရေး၊ အမျိုးသမီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျား/မ ခွဲခြားရေး သ‌ဘောတူညီချက် စသည့် စာချုပ် သုံးရပ်တို့အား ထားရှိထားကြောင်း သိရသည်။

၎င်းစာချုပ်အပေါ် အစိုးရ မဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ လက်မှတ်ရေး ထိုးနိုင်ရေးနှင့် လိုက်နာကျင့်သုံးနိုင်ရန် အဆိုပါ အဖွဲ့အစည်းက အကောင်အထည်ဖော်နေလျက် ရှိသည်။

၂၀၁၃ ခုနှစ်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ကလေးများအားကာကွယ်ရန်နှင့် လက်နက်ကိုင်ပဋိပက္ခများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကာကွယ်ရန်အတွက် Geneva Call’s Deeds of Commitment ကို လက်မှတ်ထိုးခဲ့သေးသည်။