Home Facts Checking News ကရင်ပြည်နယ်သည် နိုင်ငံတော်မှ ခွဲထွက်မည်မဟုတ်ကြောင်း KNA/BGF ထုတ်ပြန်ချက် အပေါ်စိစစ်ခြင်း

ကရင်ပြည်နယ်သည် နိုင်ငံတော်မှ ခွဲထွက်မည်မဟုတ်ကြောင်း KNA/BGF ထုတ်ပြန်ချက် အပေါ်စိစစ်ခြင်း

1656

ကရင်ပြည်နယ်သည် နိုင်ငံတော်မှ ခွဲထွက်မည်မဟုတ်ကြောင်း KNA/BGF ထုတ်ပြန်ချက် အပေါ်စိစစ်ခြင်း

ဇူလိုင် ၂၅၊ ၂၀၂၅ ခုနှစ်။ MPA+KIC- The Red Flag

၂၀၀၈ ဖွဲ့စည်းပုံအရ ကရင်ပြည်နယ်သည်နိုင်ငံတော်မှ ခွဲမထွက်ကြောင်း ဆိုထားသော KNA/BGF ၏ ကြေညာချက်တစ်စောင် လူမှုကွန်ရက်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည်။

Follower ၂၈,၀၀၀ ကျော်ရှိသော “Tin Maung Hlaing(ဇွဲကပင်မြေ ဆရာလှိုင်)” အမည်ရှိ ဖေ့ဘွတ်ခ် အကောင့်က “ကရင်အမျိုးသားတပ်မတော်(KNA) ၏ မြိုင်ကြီးငူ ၂၀၂၅ ကြေညာချက်အမှတ် (၁/၂၀၂၅)” ဟုဖော်ပြထားသော ကြေညာချက်စာတစ်စောင်အား ၂၀၂၅ ဇူလိုင် ၂၂ရက်တွင် ၎င်းကိုယ်ပိုင်အကောင့်၌ စတင်ဖြန့်ဝေထားသည်။

ထို့အပြင် ဇူလိုင် ၂၀ ရက်နေ့က မြိုင်ကြီးငူတွင် ပြုလုပ်သွားသည့် BGF/KNA ၏လူထုသဘောဆန္ဒကောက်ခံ အစည်းအဝေးပွဲတက်ရောက်သူများ၊ ဆွေးနွေးသွား သည့်အကြောင်းအရာများအပြင် “ပြည်ထောင်စုမှခွဲထွက်မည့် KNU” “KNU နဲ့အပေါင်းအပါများကြောင့် မြို့ပျက်ရွာပျက်၊ ပြည်သူတွေ အိုးပစ်အိမ်ပစ်ပြေးရတယ်” စသည့် တို့ကိုပါ ရေးသားဖော်ပြထားခြင်းဖြစ်သည်။

သတင်းလင့်ခ် – https://archive.ph/e9QYv

အဆိုပါ ဖြန့်ဝေမှုကို ဇူလိုင် ၂၅ရက်နေ့အထိ like and react ပေးသူ ၇၀၀ ကျော်ရှိပြီး မှတ်ချက်ရေးသားသူ အများအပြား၊ ထပ်ဆင့်မျှဝေသူ ၂၄၀ ဝန်းကျင်ရှိသည်။

ထို့အပြင် အေးမေတ္တာမြိုင်ကြီးငူ အမည်ရ Follower ၁ ထောင်ရှိသည့် ဖေ့ဘွတ်အကောင့်ကလည်း အဆိုပါစာသားနှင့်ပုံများကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ထပ်ဆင့်ကူးယူဖော်ပြထားပြီး like ပြုလုပ်သူ ၁၀၀ ရာကျော်ရှိနေသည်။ သတင်းလင့်ခ်- https://archive.ph/zndYv

ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော အဆိုပါအကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင်မီဒီယာဖြစ်သော MPA နှင့် KIC သတင်းဌာနတို့ ပူးပေါင်း၍ အချက်အလက်စစ်ဆေးထားသည်။

သတင်းစိစစ်ချက်

Google တွင် “ကရင်အမျိုးသားတပ်မတော်(KNA)ထုတ်ပြန်ချက်” “KNAထုတ်ပြန်ချက်”ဟု ရှာဖွေရာ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရှာဖွေတွေ့ ရှိခြင်းမရှိပေ။

ထို့ကြောင့် ကရင်အမျိုးသားတပ်မတော်(KNA) ဖွဲ့စည်းပြီး စာထုတ်မှု ရှိ/မရှိ အတည်ပြုနိုင်ရန် BGF/KNA မှ တာဝန်ရှိသူတစ်ဦးလည်းဖြစ်၊ ၂၀ ရက်နေ့အစည်းအဝေးတက်ရောက်ခဲ့သူလည်းဖြစ်သည့် ဗိုလ်မှူးချုပ် စောတင်ဝင်းကို ဆက်သွယ်မေးမြန်းရာ KNA အနေဖြင့် စာထုတ်ပြန်ထားခြင်းမရှိကြောင်း ဖြေဆိုသည်။

“စာထုတ်တယ်ဆိုတာ ကျနော်တောင်မသိဘူး။ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုခုကပဲ ဝါဒဖြန့်တာဖြစ်မယ်။ ထုတ်တာလည်း ဘယ်အဖွဲ့ကဆိုတာ စည်းတံဆိပ်ရော လက်မှတ်ထိုးထားတာရောမပါဘူး။ ကျနော်တို့ ခေါင်းဆောင်ပိုင်းအချင်းချင်းကလည်း ထုတ်ပြန်ဖို့ စီစဥ်တာမရှိသေးဘူးနော်။ အဖွဲ့အစည်းကြားထဲ နားလည်မှုလွဲအောင်လုပ်တဲ့ဟာလို့ပဲ မြင်တယ်။ အစစ်ဆိုရင် KNA ကထုတ်တယ် ဆိုတဲ့ တခုခုတော့ပါရမယ်လေ အခုကဘာမှမှမပါတာ” ဟု စောတင်ဝင်းက ကေအိုင်စီသို့ ပြောဆိုသည်။

ဇူလိုင်လ(၂၀)ရက်နေ့က အစည်းအဝေးပြီးနောက် BGF/KNA က ထုတ်ပြန်ချက်မထုတ်သလို အစည်း အဝေးတွင်လည်း အဖွဲ့၏မူဝါဒနှင့် တပ်ရင်းတပ်ဖွဲ့အင်အားနှင့် သဘောတူညီမှုရရှိ စသည့်အကြောင်း အရာတို့အားပြောဆိုခဲ့ကြောင်း သတင်းလုပ်ငန်းစဥ်အရ လုပ်ကိုင်နေသည့် Than Lwin Time, People Spring နှင့် KIC သတင်းဌာနတို့က ရေးသားဖော်ပြချက်ကို တွေ့ရသည်။

Than Lwin Times- https://shorturl.at/DzKtl

People Spring-https://shorturl.at/kR3Cc

KIC-https://shorturl.at/7ZhO5

သုံးသပ်ချက်

စိစစ်ချက်များအရ BGF/KNA အဖွဲ့က ဇူလိုင်၂၀ ရက်နေ့တွင် ပြုလုပ်သွားသည့်အစည်းအဝေးမှာ KNA ဖွဲ့စည်းရန်သဘောထားရယူခြင်းဖြစ်ပြီး အစည်းအဝေးဆုံးဖြတ်ချက်အပါအဝင် ၎င်းတို့မူဝါဒများကိုလည်း အတိအလင်းထုတ်ပြန်လာခြင်းမရှိသေးပါ။ ထို့အတူ ကြေညာစာတွင် BGF/KNA အမည်တပ်ထားပြီး ထုတ်ပြန်သည့်တာဝန်ရှိသူ လက်မှတ်အပါအဝင် အဖွဲ့၏စည်းတံဆိပ်မပါရှိပေ။

BGF/KNA ၏ တာဝန်ရှိသူ ဗိုလ်မှူးချုပ်စောတင်ဝင်း၏ဖြေကြားချက်အရတွင်လည်း အဆိုပါ ကြေညာစာနှင့်ပတ်သက်၍ ၎င်းတို့အဖွဲ့အတွင်း အစည်းအဝေးလုပ်ဆောင်ခြင်းမရှိသလို ထုတ်ပြန်ခြင်းမရှိဟု သိရ၍ BGF/KNA က ထုတ်သည့်ကြေညာချက်အမှန်အဖြစ် အတည်ပြုနိုင်ရန်ခက်ခဲသည်။

BGF သည် စစ်ကောင်စီထံမှ လစာမယူဘဲ Karen National Army-KNA အဖြစ်ပြောင်းလဲဖွဲ့စည်းရေးကို ပြီးခဲ့သည့် ၏ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကပြုလုပ်ခဲ့သည့် အစည်းအဝေးနောက်ပိုင်းကတည်းက အဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များမှ သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း KIC မှ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့တွင် သတင်းဖော်ပြဖူးသည်။

KIC သတင်းလင့်ခ်- https://shorturl.at/t4PQy

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #MPA #KIC #TheRedFlag #FactCheck #Mis_Disinformation #BGF #KNA #ကရင်ပြည်နယ် #ခွဲထွက်