ဇွန် ၁၉ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၄ နှစ်တာ ပဋိပက္ခအတွင်း တိုင်းရင်းသားဒေသများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျူးလွန်သည့် လိင်အကြမ်းဖက်မှုပေါင်း ၉၆၃ မှုရှိသည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB က ဇွန် ၁၈ ရက်နေ့တွင် ပြုစုထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် အမျိုးသမီးများသည် လိင်အကြမ်းဖက်ခံရသော်လည်း ကျူး လွန်သူများကို ဖော်ထုတ်ဖမ်းဆီးခံရခြင်းမရှိသည့်အပြင် ခံရသူများ၏ အသက်အန္တရာယ်ပါ ပြန်ခြိမ်းခြောက် ခံနေရကြောင်း၊ ပဋိပက္ခနှင့် ဆက်စပ်သည့် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုများကျူးလွန်နေမှုများကို ရပ်တန့်ရန် မီးမောင်းထိုးပြသည့်အနေဖြင့် WLB က အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ယနေ့ ဇွန် ၁၉ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခဒေသများရှိ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ခြင်း ခံရမှုများ တစ်နှစ်ထက်တစ်နှစ် တိုးလာ၍ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူရန် လိုသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ) နိုင်ငံရေးရှေ့ ဆောင်နှင့်စည်းရုံးလှုံ့ဆောင်ရေးအဖွဲ့ဝင် နော်ဆဲဆဲက ယခုလို ပြောသည်။
“တစ်နှစ်ပြီးတစ်နှစ် အစီရင်ခံစာကို ကျမတို့ ပြန်ကြည့်လိုက်မယ်ဆိုရင် စစ်ကောင်စီတပ်က လိင်အကြမ်းဖက် ကျူးလွန်မှု များလာတာကို တွေ့ရတယ်။ ပြီးတော့ ဒီအကြမ်းဖက်မှုတွေကို သေချာပြန်လေ့လာလိုက်တော့ ဒါဟာ စစ်ကောင်စီတပ်က စနစ်တကျစီစဉ်ပြီး အမျိုးသမီးအပေါ် အမျိုးမျိုး လိင်အကြမ်းဖက်မှု ကျူးလွန်တာတွေ့ရတယ်။ ပြီးတော့ ကျူးလွန်သူတွေကို အရေးယူနေတာမရှိဘဲ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးလိုက်တာဟာ ပိုပြီး ကျူးလွန်အောင် လုပ်သလိုမျိုးဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ထိုအစီရင်ခံစာ၌ ၄ နှစ်ကျော် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်ခံရမှုပေါင်း ၉၆၃ မှုတွင် ကရင် နီပြည်နယ်၌ အများဆုံးဖြစ်ပြီး ၃၆၅ မှုရှိကြောင်း၊ ဒုတိယအများဆုံးသည် စစ်ကိုင်းတိုင်း ဖြစ်ပြီး ၃၄၉ မှု၊ ရှမ်းပြည်နယ်တွင် ၁၀၂ မှုတို့ဖြင့် အစဉ်လိုက်တွေ့ရကြောင်း ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် လိင်အကြမ်းဖက်ကျူးလွန်မှုကို စစ်လက်နက်သဖွယ် အသုံးချလာပြီး အမျိုးသမီး၊ မိန်းကလေးငယ်၊ ကလေးငယ်အပါအဝင် LGBTQI+ များ သာမကဘဲ အသက်ရွယ်အို အမျိုးသမီးကြီးများကိုပါ ကျူးလွန်ခံရသည်ကို ပိုမိုတွေ့ရှိလာသည်ဟု အစီရင်ခံစာ၌ ထောက်ပြထားသည်။

အမျိုးသမီးများသည် လုံခြုံသည့် နေရာ ရှာမရတော့သည့် စိန်ခေါ်မှုရှိလာသလို စစ်ပွဲဒဏ်ကြားမှ ရှောင်ရှားရင်း ထပ်ဆင့်အဆပေါင်းများစွာ အကြမ်းဖက်မှုကို ခံနေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့ (TWO) မှ လွေးပကျိုဝ်းဇားက ပြောဆိုသည်။
“ကျမတို့ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ စနစ်ဆိုးကြီးရဲ့အောက်မှာ ရှင်သန်ရုန်းကန်ရင်းနဲ့ပဲ ဒီစစ်ပွဲရဲ့ မြေစာပင် ဖြစ်ခဲ့ရတယ်။ သူများတွေက ထင်ကြမှာ တောင်ပေါ်ရွာတွေမှာ အရမ်းအေးချမ်းတယ် သာယာတဲ့ တောင်ပေါ်ရွာလေးလို့ ထင်ကြတယ်။ မြို့နဲ့ အလှမ်းဝေးတဲ့ တောင်ပေါ်ရွာအထိ နေအိမ် ကျေးရွာတွေမှာ စစ်ပွဲတွေ တိုးလာပြီး တပ်သားတွေက ရွာထဲမှာ တပ်စွဲပြီး စိုးမိုးရောက်လာတဲ့ အနေအထား မျိုးတွေအများကြီးရှိတယ်”ဟု ၎င်းက အစီရင်ခံစာ မိတ်ဆက်ပွဲ၌ ပြောဆိုသည်။
၎င်းအပြင် လိင်အကြမ်းဖက်မှု ကျူးလွန်ခံရမှုများ ဖြစ်ပွားချိန်တွင် တိုင်ကြားရမည့် ယန္တရားလည်း မရှိသလို လက်ရှိ မြန်မာနိုင်ငံရှိ ပဋိပက္ခအတွင်း ကျူးလွန်ခံရမှုများသည် လူ့အခွင့်အရေးထက် ကျော်လွန်လာပြီး ရာဇဝတ်မှုကျူးလွန်နေသည့် အနေအထားသို့ ရောက်ရှိလာပြီး ဖြစ်သည်။
အဆိုပါရာဇဝတ်မှုများသည် နိုင်ငံတကာ၏ ဥပဒေကို ချိုးဖောက်ရာ ရောက်နေသည်ဟု WLB အစီရင်ခံစာထဲ၌ ထောက်ပြထားသည်။
၂၀၁၅ မှ စတင်၍ ၂၀၂၅ ခုနှစ် ၁၀နှစ်အတွင်း ပဋိပက္ခဒေသတွင် အကြမ်းဖက်ခံရသည့် အမှုများသည် မုဒိမ်းကျင့်ခံရမှု ၁၈၃မှု၊ Sexual& Gender -Based Violence (SGBV) ၇၅၈၊ General Gender -Based Violence (GBV) ၈၈၅ မှုရှိနေသည်ဟုလည်း WLBက ထပ်ဆင့်ဖော်ပြထားသည်။
နိုင်ငံတကာအနေဖြင့် စစ်ကောင်စီကို ပိတ်ဆို့ဒဏ်ခတ်မှု၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန် ခံရပြီး လွတ်မြောက်လာသူများကို ကူညီပံ့ပိုးပေးရန်နှင့် မြေပြင်တွင် အမျိုးသမီးအရေး ဦးဆောင် လုပ်ကိုင် နေသည့် အဖွဲ့အစည်းများကို တိုက်ရိုက် ပံ့ပိုးပေးရန် စသည်တို့ကို WLB က အကြံပြု တိုက်တွန်း ထားသည်။



















