ဇွန်လ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် ဖလူးကြီးကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြား နှစ်သောင်းကျော်နှင့် ကွတ်ကင်းပါကင်ပြား ၂ ပြား ဖမ်းဆီးရမိကြောင်း ကေအဲန်ယူက ထုတ်ပြန် ထားသည်။
မြဝတီမြို့တောင်ဘက် ဖလူးကြီးကျေးရွာ၊ (၄)ရပ်ကွက်နေ နော်မုကားအမည်ရှိ အမျိုးသမီးတစ်ဦး၏ နေအိမ်အတွင်း ခရိုင်နှင့်မြို့နယ်အဆင့် ကရင်အမျိုး သားရဲတပ်ဖွဲ့-KNPF က ဝင်ရောက်ရှာဖွေ စစ်ဆေး ခဲ့ရာတွင် စိတ်ကြွဆေးပမာဏ ၂၄,၉၂၀ ပြားနှင့် ကွတ်ကင်းပါကင်ပြား ၂ ပြား ဖမ်းဆီးရ မိခြင်း ဖြစ် သည်ဟု ကေအဲန်ယူ-ဒူးပလာယာခရိုင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ယနေ့ ဇွန်လ ၁၇ ရက်စွဲဖြင့် ဖော်ပြထားသည်။
အဆိုပါ မူးယစ်ဆေးလက်ဝယ်ထားရှိသူ နော်မုကားထံမှ စိတ်ကြွဆေးပြား၊ ကွတ်ကင်းပါ ကင်ပြားများနှင့်အတူ မူးယစ်ဆေးအမှုနှင့်ပတ်သက်သည့် ဖုန်း (၁)လုံး၊ ပါဝါဘန့် (၁)လုံးနှင့် ရွှေလက်စွပ်တစ်ကွင်းတို့ကိုလည်း KNPF က သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။
မူးယစ်ဆေးရောင်းချမှုထက် သုံးစွဲမှုကအဖြစ်ပိုများသော ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် ပြဌာန်းထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေအရ မူးယစ်ဆေးသုံးစွဲသူများအတွက် အသိပညာပေးလုပ်ဆောင်မှုမှလွဲ၍ ကြီးလေးသည့်ပြစ်ဒဏ်ချမှတ်ထားခြင်းမရှိပါ။

သို့သော် “အရေအတွက်များရင်တော့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရနိုင်ပါတယ်” ဟု ကေအဲန်ယူ ဖားအံခရိုင်၏ တရားရေးဌာနဘက်က ပြီးခဲ့သည့် ဧပြီလတွင် ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုနှင့်ဆက်စပ်ပြီး ကေအိုင်စီသို့ မှတ်ချက်ပြုဖူးသည်။
ဖလူးကြီးရွာတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးအမှုကိုလည်း ဒူးပလာယာခရိုင် KNPF နှင့် ကော်သူး လေတရားစီရင်ရေးဘက်မှ လုပ်ထုံးလုပ်နည်းများအတိုင်း ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်က ဖော်ပြထားသည်။
ဧပြီလအတွင်းက ကေအဲန်ယူ ဖားအံခရိုင်၌ မူးယစ်ဆေးဝါးပမာဏ ၅ သန်း သယ်ဆောင်လာသော စက်လှေတစ်စီးအား ကေအဲန်ယူဘက်က ဖမ်းဆီးရမိခဲ့ရာတွင်လည်း သက်သေပစ္စည်းများနှင့်တကွ ပြစ်မှုကျူးလွန်သူများကို ထိန်းသိမ်းခဲ့ပြီး ဥပဒေအတိုင်းအရေးယူသွားမည်ဟု ထုတ်ပြန်ပြောဆိုခဲ့သေးသည်။



















